ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် (၇၉) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် လမ်းသစ်ဖွင့်ပွဲနှင့် နွေစပါးစံကွက်ရိတ်သိမ်းပွဲ တက်ရောက်အားပေး

ပုသိမ် မတ် ၂၃

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ မတ်လ ၂၁ ရက်နေ့ နေ့လည်ပိုင်းတွင် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ကျောင်းကုန်းမြို့နယ်တို့တွင် ပြုလုပ်သည့် (၇၉) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့်လမ်းသစ်ဖွင့်ပွဲများအား တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး နွေစပါးစံကွက်ရိတ်သိမ်းနေမှုအား တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရေကြည်မြို့နယ်၊ ကွမ်းသီးချောင်းကျေးရွာတွင် ပြုလုပ်သည့် (၇၉) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ချင်းကုန်း-ချောင်းဖျား-ငပိဆိပ် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအား တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများထံသို့ တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး (မြို့ပြ) က ချင်းကုန်း-ချောင်းဖျား-ငပိဆိပ်ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကာ ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါလမ်းသည် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်သောလမ်းဖြစ်ပြီး လမ်းအရှည် (၀/၄) မိုင်၊ အကျယ် (၁၂) ပေနှင့် ထု (၇) လက်မရှိကြောင်းသိရသည်။

ထို့နောက်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျောင်းကုန်းမြို့နယ်၊ လှည်းဆိပ်ကျေးရွာရှိ တောင်သူ ဦးကျော်ညွန့်၏ လယ်မြေ ဧက (၃၀) တွင် ပြုလုပ်သည့် ဒုတိယသီးနှံနွေစပါး (နယူးဧရာ-၁) စံကွက်ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ သွင်းအားစုများစနစ်တကျ ထည့်သွင်းဆောင်ရွက်မှု၊ အထွက်တိုး မျိုးစပါးများနှင့် စိုက်နည်းစနစ်များပြောင်းလဲစိုက်ပျိုးမှု အထွက်နှုန်းတိုးတက်စေရေး ဆောင်ရွက်နေမှုများအား ဆွေးနွေးမေးမြန်းခဲ့ကာ စပါးရိတ်သိမ်းပြီးပါက တတိယသီးနှံ (နွေနှမ်း) ထပ်မံစိုက်ပျိုးစေရေး၊ သီးထပ်စွမ်းအားမြှင့်တင်စေရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိစေရေးဆောင်ရွက်ရန်မှာကြားခဲ့ပြီး တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောက်ရွက်ပေးခဲ့သည်။ အဆိုပါဒုတိယသီးနှံနွေစပါး (နယူးဧရာ-၁) စံကွက်ရိတ်သိမ်းခဲ့ရာတွင် တစ်ဧကလျှင် ပျမ်းမျှ (၁၆၂) တင်းထွက်ရှိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းကုန်းမြို့နယ်၊ ကြိုးကြာကွင်းကျေးရွာ၌ ပြုလုပ်သည့် (၇၉) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ကြိုးကြာကွင်း- ဂုန်မင်း မြေရောကျောက်လမ်းသစ်ဖွင့်ပွဲအား တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကာ ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် မြေရောကျောက်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါလမ်းသည် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်သောလမ်းဖြစ်ပြီး လမ်းအရှည် (၀/၅) မိုင်၊ အကျယ် (၁၂ ) ပေနှင့် ထု (၄) လက်မရှိကြောင်း သိရသည်။

လှမင်းထွဋ် (ပြန်/ဆက်)