ရွှေဘို မတ် ၂၃
ရွှေဘိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာပေးသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က မဟာဝိသုတာရာမ ဗုဒ္ဓဂယာကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အသေးစားစက်မှုလက်မှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးထက်မောင်မှ သင်တန်းဆင်း အမှာစကားပြောကြားရာတွင် “သင်တန်းသားများအနေဖြင့် သင်တန်းမှ သင်ကြားပေးလိုက်သည့် အသိပညာ၊ အတတ်ပညာများကို လက်တွေ့နယ်ပယ်၌ ပြန်လည်အသုံးချပြီး အိမ်သုံးစရိတ်များ လျှော့ချနိုင်ရေး၊ မိသားစုအပိုဝင်ငွေရရှိစေရေး၊ တစ်နိုင်တစ်ပိုင် အသေးစား စီးပွားရေးလုပ်ငန်းရှင်များအဖြစ် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်စေရေးတို့အတွက် ကြိုးစားကြစေလိုကြောင်း၊ အသေးစားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရန်၊ တစ်ဦးချင်းဝင်ငွေတိုးတက်လာစေရန်၊ ပြည်ပသွင်းကုန်အစားထိုး ပြည်တွင်းထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်လာနိုင်ရန်အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာစေရန် ရည်ရွယ်ကာ လူသုံးကုန်ပစ္စည်းများထဲမှ ဆပ်ပြာရည်အမျိုးမျိုး၊ ဆပ်ပြာခဲအမျိုးမျိုး၊ လက်သန့်ဆေးရည်အမျိုးမျိုး ထုတ်လုပ်နည်းများကို စာတွေ့လက်တွေ့သင်ကြားပေးခဲ့ကြောင်းနှင့် သင်တန်းပြီးမြောက်ပါကလည်း မိသားစုဝင်ငွေတိုးလာမည့် အသေးစားစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ကြစေလိုကြောင်းနှင့် မိမိတို့ဌာနအနေဖြင့် အသက်မွေးဝမ်းကြောင်းနည်းပညာပေးသင်တန်းများကို ၂၀၂၄ ခုနှစ်တွင် (၄)ကြိမ်ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပါကြောင်းနှင့် နေရပ်မှ ယာယီတိမ်းရှောင်နေသူများကို အသက်မွေးဝမ်းကြောင်း ပညာရရှိစေရန်အတွက် ယခုလိုသင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း” ပြောကြားခဲ့ပါသည်။
ထို့နောက် မဟာဝိသုတာရာမ ဗုဒ္ဓဂယာကျောင်းတိုက် ဆရာတော်မှ သင်တန်းဆင်းလက်မှတ်များကို လည်းကောင်း၊ ရွှေဘိုခရိုင်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်းဦးစီးမှူး ဦမြင့်က သင်တန်းထွက်ကုန်များအား သင်တန်းသားတစ်ဦးသို့လည်းကောင်း အသီးသီးပေးအပ်ကာ သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
သင်တန်းတက်ရောက်နေသည့် သင်တန်းသူတစ်ဦးကလည်း နေ့စဉ်သုံးစွဲနေရသည့် ဆပ်ပြာအမျိုးမျိုးပြုလုပ်နည်း၊ လက်ဆေးရည်ပြုလုပ်နည်းများကို လက်တွေ့နယ်ပယ်မှာ အသုံးချနိုင်သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် မိမိတို့သင်တန်းသားများအနေဖြင့်လည်း သင်ကြားပေးလိုက်သည့် နည်းပညာတွေကို လက်တွေ့နယ်ပယ်မှာ အမှန်တကယ်သုံး မိသားစုအတွက် ထုတ်ကုန်မှသည် စီးပွားဖြစ်ထုတ်လုပ်နိုင်သည်အထိ ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါသင်တန်းအား (၁၈.၃.၂၀၂၄ ရက်နေ့မှ ၂၂.၃.၂၀၂၄ ရက်နေ့ထိ) (၅)ရက်ကြာ အခမဲ့ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး နေရပ်မှ ယာယီတိမ်းရှောင်နေကြသည့် သင်တန်းသား စုစုပေါင်း(၂၀)ဦး တက်ရောက်ခဲ့ကြကြောင်းနှင့် သင်တန်းပြီးဆုံးပါက လုပ်ငန်းထူထောင်လိုသူများကို ရွှေဘိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပံ့ပိုးကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။
ဦးအောင်ထွန်းခိုင်(ရွှေဘို)