ကျောက်ကြီးမြို့နယ် ကြက်ခြေနီအသင်း(ခွဲ) ကော်မတီဝင်များနှင့် တပ်ဖွဲ့တွေ့ဆုံအစည်းအဝေး ပြုလုပ်

ကျောက်ကြီး မတ် ၂၃

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် ကြက်ခြေနီအသင်း(ခွဲ)ရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်ခန့်က ကြက်ခြေနီအသင်း(ခွဲ)ကော်မတီဝင်များနှင့် တပ်ဖွဲ့တွေ့ဆုံ အစည်းအဝေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးပွဲတွင် မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)ဥက္ကဋ္ဌ ဦးဝင်းမြင့်က အမှုဆောင်အဖွဲ့အသစ် ပြန်လည်ဖွဲ့စည်းထားကြောင်း၊ တပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုသည် မြို့နယ်အသင်းခွဲပုံရိပ်ဖြစ်ကြောင်း၊ တပ်ဖွဲ့ဝင်များအနေဖြင့် ဘေးဒုက္ခရောက်သူများအား တတ်နိုင်သလောက် ကူညီကယ်ဆယ်ပေးလျက်ရှိကြောင်းနှင့် ပြည်သူအကျိုးပြုလုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားပြီး၊ အမှုဆောင်အဖွဲ့ဝင် ဦးသိန်းထွဋ်အေးက ကြက်ခြေနီတပ်ဖွဲ့၏ ရှေ့ဆက်ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်မှုများအား အကြံပေးဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်ပြီး အမှုဆောင်အဖွဲ့ဝင် ဦးစောတာကွယ်လိုက ကြက်ခြေနီလူမှုကူညီရေးအကြောင်း အကြံပြုပြောကြားပြီး မြို့နယ်ကြက်‌ခြေနီတပ်ဖွဲ့မှူး မင်းမြတ်ဖုန်းက "မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ဘာတွေလုပ်ဆောင်နေသလဲ၊ ဘယ်လိုတွေကူညီပေးနေသလဲဆိုတာ ပြည်သူများသိရှိရန်လိုအပ်သလို တပ်ဖွဲ့ဝင်များလည်း လေ့လာမှတ်သားလှုပ်ရှားဆောင်ရွက်ရန်လိုကြောင်း" ပြောကြားပြီး၊ အစည်းအဝေးပွဲသို့ တက်ရောက်လာသော တပ်ဖွဲ့ဝင်များက မိမိတို့လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များနှင့် လုပ်ဆောင်ချက်များကို ရှင်းလင်းပြောကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)