မြဝတီခရိုင်နှင့် ကော့ကရိတ်ခရိုင်အတွင်းရှိ ယာယီပြောင်းရွှေ့နေထိုင်သည့် ပြည်သူများအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများ ပေးအပ်လှူဒါန်း

မြဝတီ မတ် ၂၃

ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်းရှိ  ယာယီပြောင်းရွှေ့နေထိုင်သည့် ပြည်သူများနှင့် ကော့ကရိတ်ခရိုင် နဘူးကျေးရွာအတွင်းရှိ   ယာယီပြောင်းရွှေ့နေထိုင်သည့် ပြည်သူများအတွက်   အခြေခံစားသောက်ကုန်ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို  ယမန်နေ့ မွန်းလွဲ ၃ နာရီက မြဝတီမြို့၊ အမှတ် ၂ ရပ်ကွက်၊ တေဇစက္ကိကမ္မဌာန်းရိပ်သာ၌ ကျင်းပသည်။

အဆိုပါပြည်သူများအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများပေးအပ်လှူဒါန်းခြင်းကို မြဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ခရိုင်အုပ်ချုပ်ရေးမှူး  ဦးကောင်းစံလင်း၊  ခရိုင်စီမံအဖွဲ့ဝင် ၂ ဦးစိန်သောင်း၊  ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှူး    ဦးကျော်ကျော်သန်း၊    ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမိုးကျော်ဟိန်း၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ  ဒုတိယညွှန်ကြားရေးမှူး ဦးဉာဏ်မြင့်တို့က   မြဝတီနယ်စပ်ကုန်သွယ်ရေးကုန်သည်များအသင်းမှဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်နှင့်အဖွဲ့ဝင်များ၏ မြဝတီခရိုင်အတွင်း ယာယီပြောင်းရွှေ့  ပြည်သူ  ၅၀၀ တို့အတွက်    ငွေကျပ်  ၂၂၂၁၀၀၀၀ တန်ဖိုးရှိ  ဆန်၊ ဆီအစရှိသော  အခြေခံစားသောက်ကုန်ပစ္စည်း ခုနှစ်မျိုးနှင့် ကော့ကရိတ်ခရိုင်  နဘူးကျေးရွာ ယာယီပြောင်းရွှေ့ပြည်သူ ၅၀၀ တို့အတွက် ငွေကျပ် ၂၆၉၆၀၀၀၀ တန်ဖိုးရှိ   အခြေခံစားသောက်ကုန်ပစ္စည်း ခုနှစ်မျိုးတို့ကို လက်ခံရယူခဲ့ပြီး ရပ်ကွက်/ကျေးရွာ  တာဝန်ခံများမှတစ်ဆင့်   ပြန်လည်ထောက်ပံ့  ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)