ဟားခါး မတ်၂၃
ချင်းပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ဖွင့်လှစ်သည့် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများဆိုင်ရာ သင်တန်းအမှတ်စဉ်(၁/၂၀၂၄)ဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကားပြောကြားသည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ဌာန၊ အဖွဲ့အစည်းများတွင် ဘဏ္ဍာရေးဆိုင်ရာတာဝန်ခံ၊ တာဝန်ယူနေကြသောသူများအနေဖြင့် မိမိတို့ဌာမှ သုံးစွဲသည့် သာမန်အသုံးစရိတ်၊ ငွေလုံးငွေရင်းအသုံးစရိတ်များ၊ ကြွေးမြီအသုံးစရိတ်များနှင့် အခွန်အကောက်ရငွေများနှင့်စပ်လျဉ်းသည့် ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းများဆိုင်ရာဥပဒေများ ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်၊ ညွှန်ကြားချက်များအား ပိုမိုသိရှိနည်းလည်စေရန်၊ မိမိတို့၏အလုပ် တာဝန်ဝတ္တရားများဆောင်ရွက်ရာတွင် သင်တန်းမှရရှိသည့် အသိအမြင် ဗဟုသုတများ၊ အချက် အလက်များဖြင့် ရည်ညွှန်းကိုးကားဆောင်ရွက်နိုင်စေရန်နှင့် သိရှိပြီးဖြစ်သော ညွှန်ကြားချက်များအား ပိုမိုသိရှိနားလည်စေရန်ရည်ရွယ်၍ ဤသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းမှရရှိသည့် ဘဏ္ဍာရေးဆိုင်ရာအသိပညာဗဟုသုတများကို သိရှိနားလည်ရုံသာမက လိုက်နာကျင့်သုံးဆောင်ရွက် ရန်အရေးကြီးကြောင်းနှင့် သင်တင်းမှရရှိခဲ့သမျှကို မိမိတို့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချပြီး လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးအတွက် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် အမှာစကားပြော ကြားသည်။
ထို့နောက် သင်တန်းနည်းပြများကိုယ်စား ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဇင်ဦးက သင်တန်းပို့ချခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများကိုယ်စား လှယ်တစ်ဦးအား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က လည်းကောင်း၊ သင်တန်းနည်းပြများဖြစ်ကြသည့် ပြည်နယ်စီမံကိန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဦးသန်းအောင်၊ ပြည်နယ်စာရင်းစစ်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာအောင်၊ ပြည်နယ်ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဇင်ဦးနှင့် ခရိုင်စာရင်းစစ်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းတို့အား ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုးကလည်းကောင်း၊ သင်တန်းအုပ်ချုပ်သူနှင့် ကြီးကြပ်သူများအား ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက လည်းကောင်း ဂုဏ်ပြုဆုငွေနှင့် သင်တန်း ဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် သင်တန်းသား၊ သင်တန်းသူများကိုယ်စား ဒေါ်ငွန်လျန်းမွေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီး ချုပ်နှင့် စုပေါင်းမှတ်တင် ဓာတ်ပုံရိုက်ကူးကြကာ ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားတက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကားပြောကြားသည်။
အဆိုပါသင်တန်းကို မတ်လ (၁၂) ရက်နေ့မှ (၁၄)ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်ပို့ချခဲ့ပြီး ဌာန (၅၄)ဌာနမှ ဘဏ္ဍာရေးဆိုင်ရာတာဝန်ခံ၊ တာဝန်ယူဆောင်ရွက်နေကြသော ဒုတိယညွှန်ကြားရေးမှူးအဆင့်မှ ရုံးအကူအဆင့်အထိ ဝန်ထမ်း (၇၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင် ( ပြန် /ဆက် )