ဖျာပုံ မတ် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင်(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်သောကဇောင်း-ပုလဲ ကျေးရွာချင်း ဆက်လမ်းပေါ်ရှိ ကွန်ကရစ်တံတားသစ်ဖွင့်ပွဲကို ယမန်နေ့လယ်ပိုင်းအချိန်က အဆိုပါ ကျေးရွာတံတားမုဒ်ဦးရှေ့တွင်ပြုလုပ်ခဲ့သည်။
အဆိုပါ (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကဇောင်း-ပုလဲ ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ကွန်ကရစ်တံတားသစ်အား ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ စစ်ဆေးရေး အရာရှိချုပ် ဦးရဲခေါင်ထွန်း၊ ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်လင်း၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ထားမောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး စစ်ဆေးရေးအရာရှိချုပ် ဦးရဲခေါင်ထွန်းကအမှတ်တရလက်ဆောင်ပစ္စည်းအားပေးအပ်ရာ တိုင်းဒေသကြီး၊ အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးက လက်ခံရယူသည်။ဆက်လက်၍ တိုင်းဒေသကြီး၊အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးနှင့် ဧည့်သည်တော်များမှ ကဇောင်း-ပုလဲကျေးရွာချင်းဆက်လမ်းပေါ်ရှိ ကွန်ကရစ်တံတားသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။ အဆိုပါကဇောင်း-ပုလဲ ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ကွန်ကရစ်တံတားသစ်ပြီးစီးသွားပြီးဖြစ်၍ ကဇောင်းကျေးရွာနှင့် ပုလဲကျေးရွာတို့ရှိ ပြည်သူများ လမ်းပန်းဆက်သွယ်ရေးအဆင်ပြေ ချောမွေ့စွာဖြင့် သွားလာနိုင်ပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းဒေသခံတစ်ဦးထံမှ သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)