မအူပင်မြို့၏ ကျက်သရေဆောင် သမိုင်းဝင်ရွှေဘုန်းမြင့်စေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော် အထွဋ်ဘုံအဆင့်ဆင့် တင်လှူပူဇော်ပွဲကျင်းပ

မအူပင် မတ် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် မြို့ကျက်သရေဆောင် သမိုင်းဝင်ရွှေဘုန်းမြင့် စေတီတော်မြတ်ကြီး၏ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်အထွဋ်ဘုံ အဆင့်ဆင့် တင်လှူပူဇော်ပွဲကို ယနေ့နံနက် (၇)နာရီမှ စတင်ကျင်းပခဲ့သည်။

ရှေ့ဦးစွာ နမောတဿ မဟာပဏာမသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ မင်္ဂလာအခမ်းအနား စတင်ဖွင့်လှစ်သည်။ ဆက်လက်၍ သမ္မာဒေဝ နတ်ဗြဟ္မာများအား ဖိတ်ကြားပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်များထံမှ (၉)ပါးသီလခံယူ ဆောက်တည်ခြင်း၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ပရိတ်ပန်းများအား ဆက်ကပ်လှူဒါန်းခြင်း၊ အန္တရာယ်ကင်းပရိတ်တရားတော်များနာယူကြည်ညိုခြင်း၊ ဆရာတော်သံဃာတော်အရှင်သူမြတ်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ရွှေထီးတော်ဘုံ(၉)ဆင့် တင်လှူပူဇော်ခြင်း၊ ရတနာစိန်ဖူးတော် ငှက်မြတ်နားတော်များအား ဥပသကာ များထီးတော်တင်ဆောင်ရွက်နိုင်ရန် ဆရာတော်များထံခွင့်ပန်ခြင်း၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ် နားတော်၊ ရွှေထီးတော်များအား စေတီရင်ပြင်တော်တွင် လင်္ကျာရစ်လှည့်လည်ပူဇော်ပင့်ဆောင်ခြင်း၊ မင်္ဂလာအခါတော်ဩဘာစာ ဖတ်ကြားပူဇော်ခြင်း၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားဝောာ်များကို တင်လှူပူဇော်ခြင်းနှင့် အမွှေးနံ့သာဖြင့် ပတ်ဖျန်းပူဇော်ပြီး သံဃာ တော်အရှင်သူမြတ်များမှ အောင်ဂါ ထာဖြင့်(၃)ကြိမ်ပူဇော်ပြီး အောင်စည်မင်္ဂလာအောင်မောင်းသာ (၉)ကြိမ်ရွမ်း၍ ရတနာရွှေမိုးငွေမိုး များရွာသွန်းဖြိုးပြီး ဇေယျတုသဗ္ဗမင်္ဂလာဓမ္မတေးလင်္ကာဖြင့် သီကျူးပူဇော်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ဦးအောင်သန်းဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးတိုးတိုးဝင်းနှင့်အဖွဲ့ဝင်များ၊ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ အသင်းအဖွဲ့များ၊ ဂေါပကအဖွဲ့ဝင်များနှင့် ပြည်သူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

 အောင်မြင့်မြတ် (ပြန်/ဆက်)