မင်းဘူး မတ် ၂၃
မြန်မာနိုင်ငံအတွင်း၌ ရိုးရာဓလေ့ကို လက်ဆင့်ကမ်းထိန်းသိမ်းပြီး ဘုရားပွဲတော်သို့ လှည်းယာဉ်များဖြင့် ဘုရားဖူးသွားရောက်သည့် ချစ်စရာရိုးရာဓလေ့သည် မင်းဘူး(စကု)မြို့နယ်ရှိ မင်းလှကျင်းကျေးရွာ တစ်ရွာသာကျန်ရှိတော့သည်။
ရှေးယခင်က မင်းဘူးခရိုင်အတွင်းရှိ မင်းဘူး၊ စကု၊ ပွင့်ဖြူ၊ စလင်းနှင့် ငဖဲမြို့နယ်များမှ ဒေသခံပြည်သူများကလည်း မန်းရွှေစက်တော်ဘုရားပွဲတော်သို့ လှည်းယာဉ်များဖြင့် ဘုရားဖူးသွားရောက်ခဲ့ကြသော်လည်း ယနေ့ခေတ်တွင် ချစ်စရာရိုးရာဓလေ့ကို ဆက်လက်ထိန်းသိမ်းသည့် အနေဖြင့် မင်းလှကျင်းကျေးရွာကသာ လှည်းယာဉ်များဖြင့် ဘုရားဖူးသွားရောက်ကြကြောင်း ဒေသခံများထံမှ သိရသည်။
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မင်းလှကျင်းကျေးရွာမှ ဒေသခံ ပြည်သူများသည် မန်းရွှေစက်တော်ဘုရားပွဲတော်သို့ လှည်းယာဉ်တန်းများဖြင့် ရှေးအစဉ်အလာ ရိုးရာမပျက် နှစ်စဉ်ဘုရားဖူးသွားရောက်လေ့ရှိရာ ယခုနှစ် မတ်လ ၂၁ ရက်(တပို့တွဲလဆန်း ၁၂ ရက်) နေ့က လှည်းအစီးရေ (၃၇)စီးဖြင့် ပျော်ပျော်ပါးပါး ဘုရားဖူးသွားရောက်ခဲ့ကြောင်း သိရသည်။
ယခုနှစ် မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးကို တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိ ရက်ပေါင်း (၆၄)ရက်ကြာ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိကြောင်း၊ မန်းရွှေစက်တော်ဘုရားကြီးသည် မြန်မာနိုင်ငံ၏ (က)အဆင့်စာရင်းဝင် ဘုရားကြီးဖြစ်သည်နှင့်အညီ
ထင်ရှားကျော်ကြားကာ မြန်မာနိုင်ငံအတွင်း၌ ရက်အရှည်ကြာဆုံးသော ဘုရားပွဲတော်ကြီးဖြစ်သည်နှင့်အညီ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။
မင်းလှကျင်းကျေးရွာသည် မင်းဘူး(စကု)မြို့နယ်နှင့် မိုင် (၂၀)ကျော်ဝေးပြီး အဆိုပါကျေးရွာနှင့် မန်းရွှေစက်တော်ဘုရားကြီးသည် ၁၃ မိုင်ခန့်သာကွာဝေးသည်။ ဒေသခံပြည်သူများသည် မိရိုးဖလာ တောင်ယာလုပ်ငန်းဖြင့် စိုက်ပျိုးရေးကို အဓိကထားပြီး အသက်မွေးဝမ်းကြောင်းပြု၍ အများဆုံး လုပ်ကိုင်ကြသည်။ ယခင်က လက်ယက်ကန်း(အထည်ယက်)လုပ်ငန်း၊ ဝါးနှီးဖျာ၍ သက်ကယ် (သက်ငယ်အမိုး)ယက်လုပ်ငန်းနှင့် ဝါးထရံယက်လုပ်ငန်းများကိုလည်း လုပ်ကိုင်လေ့ရှိကြောင်း၊ ယနေ့ခေတ်တွင်မူ တောင်ယာလုပ်ငန်းကိုသာ အဓိကထားလုပ်ကိုင်လျက်ရှိပြီး လက်မှုလုပ်ငန်းအားလုပ်ကိုင်သူ တစ်ဖြည်းဖြည်းနည်းပါးလာကြောင်းလည်း သိရသည်။
မင်းလှကျင်းကျေးရွာမှ ဒေသခံပြည်သူများသည် ရှေးယခင်နှစ်ပေါင်းများစွာကပင် မန်းရွှေစက်တော်သို့ လှည်းတန်းများဖြင့် ဘုရားဖူးသွားရောက်လေ့ရှိကြသည်။ ယခုနောက်ပိုင်း ကိုဗစ်ကာလတွင် ဘုရားဖူးသွားရောက်ခြင်းကို ရပ်နားခဲ့ပြီး ၂၀၂၃ ခုနှစ်မှ ပြန်လည်စတင်ကာ လှည်းအစီးရေ (၂၀)ခန့်ဖြင့် ဘုရားဖူးသွားရောက်ခဲ့သည်။ ထိုသို့ လှည်းယာဉ်များဖြင့် ဘုရားဖူးသွားရောက်ရာတွင် ဒေသခံပြည်သူများက ဘုရားဖူးသွားမည့်နေ့တွင် လှည်းယာဉ်များကို ကြံ့ခိုင်ကောင်းမွန်အောင် ပြုပြင်စစ်ဆေးခြင်း၊ ဘုရားရောက်ချိန် အပန်းဖြေအနားယူ၍ ချက်ပြုစားသောက်ရန် စားသောက်ဖွယ်ရာများနှင့် လိုအပ်သော လူအသုံးအဆောင်ပစ္စည်များ ကြိုတင်စုဆောင်းပြင်ဆင်ခြင်း၊ သွားရောက်မည့်နေ့တွင် နွားများကို အစာများကျွေးမွေးပြီး ဘုရားကြီးသို့ ရောက်ရှိချိန်၌ နွားများအတွက် ကျွေးမွေးရန် နွားစာများသယ်ဆောင်ခြင်းစသည့် လိုအပ်သော ပြင်ဆင်မှုများကို ဘုရားဖူးလိုက်ပါမည့် ကျေးရွာသူ ၊ ကျေးရွာသားများက တက်ညီလက်ညီ ကြိုတင်ပြင်ကြသည်။
ထို့နောက် ဘုရားဖူးသွားရန် ရက်အနည်းငယ်အလိုတွင် စခန်းချနေထိုင်မည့် မန်းချောင်းနဘေး၌ လှည်းဝိုင်းအဖွဲ့ခေါင်းဆောင်ကဦးဆောင်၍ အမျိုးသားများက ကြိုတင်သွားရောက်ပြီး ရွက်ဖျင်တဲ (နားနေဆောင်)ဆောက်လုပ်ခြင်းကို ဦးစွာဆောင်ရွက်ကြသည်။
ဘုရားဖူးသွားရောက်ရာတွင် ကျေးရွာအတွင်း သက်ကြီးဘိုးဘွားများနှင့် လှည်းမရှိသူများသာ ကျန်ခဲ့ပြီး လူငယ်၊ လူလတ်ပိုင်းအရွယ်များက လှည်းယာဉ်များဖြင့်လည်းကောင်း၊ ကားဖြင့်လည်းကောင်း ယနေ့အထိတိုင် နှစ်စဉ်သွားရောက်ကြသည်။ လှည်းဖြင့်သွားရောက်သည့် လူငယ်များက ကျေးရွာအထွက်မှစတင်ပြီး ဘုရားနားရောက်သည်အထိ လှမ်းလျှောက်ကာ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးစွာ စနောက်ကျီစယ်စကားပြောဆိုရင်း မောပန်းခြင်းများကို ဖြေဖျောက်၍ သွားကြသည်မှာလည်း ကြည်နူးဖွယ်ရာ မြင်ကွင်းအဖြစ် တွေ့မြင်နိုင်သည်။
မင်းလှကျင်းကျေးရွာသည် မြို့နယ်၊ ခရိုင်၊ တိုင်းနှင့် နိုင်ငံသာမက ဘုရားပွဲကို လှည်းတန်းများဖြင့် သွားရောက်သော ကမ္ဘာကျော်သည့် ရွာကလေးအဖြစ် အများကသိရှိကြသည်။ ထို့ကြောင့် ဘုရားပွဲတော်ချိန်ရောက်တိုင်း အနယ်နယ်အရပ်ရပ်မှ ဓါတ်ပုံပညာရှင်များနှင့် အပျော်တမ်းဓါတ်ပုံ ဆရာများသာမက လမ်းသွားလမ်းလာများကလည်း စည်စည်ကားကားဖြင့် ရုပ်သံ(Movies)နှင့် ဓါတ်ပုံ မှတ်တမ်းများကို နှစ်စဉ် လာရောက်၍ ရိုက်ကူးလေ့ရှိကြသည်။
ယခုနှစ်တွင် မှတ်တင်ဓါတ်ပုံရိုက်ကူးကြသူများ စုပေါင်းပြီး လှည်းအစီးရေ (၃၇) စီးအတွက် အလှူငွေကျပ် ၁၅၀၀၀၀ (ကျပ်တစ်သိန်းခွဲ)နှင့် စေတနာရှင်အလှူရှင်တစ်ဦးမှ မြန်မာ့ရိုးရာဓလေ့ကို လက်ဆင့်ကမ်းထိန်းသိမ်းသည့် လှည်းဝိုင်းအဖွဲ့ကို ဂုဏ်ပြုသည့်အနေဖြင့် အလှူငွေကျပ် ၅၀၀၀၀၀ (ကျပ်ငါးသိန်း)တို့ကို လှည်းဝိုင်းအဖွဲ့ခေါင်းဆောင်နှင့် ဒေသခံများထံ လက်ဝယ်အရောက် လှူဒါန်း ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာကလေးသည် မန်းရွှေစက်တော်ဘုရားပွဲတော်ချိန်ရောက်တိုင်း နှစ်စဉ် တပေါင်းလဆန်း ၁၂ ရက်နှင့် ၁၃ ရက်နေ့များတွင် သွားရောက်လေ့ရှိပြီး တပေါင်းလပြည့်ကျော် ၁ ရက်နေ့ ညနေပိုင်းမှသာ ပြန်လာလေ့ရှိကြောင်း၊ ဘုရားရောက်ချိန် ဆင်စခန်းအထက် မန်းချောင်း နဘေးတွင် စခန်းချကာ ဘုရားကြီး၌ ၄ ညအိပ် ၅ ရက်ကြာ လှည်းယာဉ်များအနီး ရွက်ဖြင်တဲထိုး၍ ချက်ပြုတ်စားသောက်ကာ နေထိုင်လေ့ရှိသည်။
နံနက်ခင်းစောစောထ၍ ကောင်းမှုကုသိုလ်များ မပြုလုပ်မီ မိုးလင်းချိန်ရောက်သည်နှင့် နွားများကို ရေချိုးသန့်စင်ပေးခြင်း၊ ဘုရားသွားချိန် လမ်းလျှောက်ပင်ပန်းခဲ့သမျှ အစုအဖွဲ့လိုက် မန်းချောင်းအတွင်း တစ်ပျော်တစ်ပါး ရေချိုးသန့်စင်ပြီး မန်းရွှေစက်တော်ရာ ပါဒစေတီတော် ခြေတော်ရာနှစ်ဆူအား နေ့စဉ် သွားရောက်ဖူးမြော်ကြကြောင်း၊ ဘုရားရောက်ချိန် အာရုဏ်တက် နံနက်ခင်းအချိန်၌ ဘုန်းကြီးဆွမ်းလောင်းလှူခြင်း၊ ဘုရားရွှေသင်္ကန်းများ ကပ်လှူပူဇော်ခြင်း၊ အလှူအတန်းနှင့် ကောင်းမှုကုသိုလ်များပြုလုပ်၍ တစ်နှစ်တာကာလ တောင်ယာလုပ်ငန်းဖြင့် ပင်ပန်းခဲ့သမျှ ဘုရားရောက်ချိန် မန်းချောင်းနဘေး ရေချိုးရင်း အပမ်းဖြေအနားယူလေ့ရှိကြောင်း မင်းလှကျင်းကျေးရွာမှ ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
မင်းလှကျင်းကျေးရွာသည် ကျေးလက်ဒေသတောရွာကလေးဖြစ်သည်နှင့်အညီ ချစ်စရာ ရိုးရာဓလေ့ကို နောင်လာနောင်သား၊ လူငယ်လူရွယ်များ လှည်းဝိုင်းဖြင့် ဘုရားဖူးသွားရောက်သည့် ဓလေ့ကို လက်ဆင့်ကမ်းထိန်းသိမ်းနိုင်ရန် လူကြီးသူမများက အစဉ်အလာမပျက်အောင် လက်တွဲခေါ်ယူ၍ ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်သွားမည်ဖြစ်ကာ နောင်လာမည့်နှစ်များတွင်လည်း လှည်းယာဥ်များဖြင့် ဘုရားဖူးသွားရောက်ကြမည်ဖြစ်ကြောင်း၊ ယခင်က အဆိုပါကျေးရွာသည် မိုးတွင်းကာလရောက်လျင် ချောင်းရေများကျ၍ လမ်းပန်းဆက်သွယ်ရေးခက်ခဲကာ သွားလာရေးအဆင်မပြေကြောင်း၊ ယခုအခါ နိုင်ငံတော်မှ ရွာအဝင်ဘေလီတံတားနှင့် ကျေးရွာအဝင်မြေသားလမ်း ဆောင်ရွက်ပေးထားသည့် အတွက် သွားလာရေးအဆင်ပြေသော်ငြားလည်း လျှပ်စစ်မီးမရရှိ၍ ဒေသဖွံ့ဖြိုးမှုအနေဖြင့် နောက်ကြသည့်အတွက်ကြောင့် ဒေသခံများက လျှပ်စစ်မီးရရှိရေးကို လိုလားလျက်ရှိကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
ထို့ကြောင့် မြန်မာနိုင်ငံအတွင်း၌ ရိုးရာဓလေ့ကို ဖော်ညွှန်းသည့်အနေဖြင့် ဘုရားပွဲတော်သို့ လှည်းယာဉ်များတန်းဖြင့် ဘုရားဖူးသွားရောက်သည့် ချစ်စရာရိုးရာဓလေ့ကို ယနေ့အထိတိုင် လက်ဆင့်ကမ်းထိန်းသိမ်းလျက်ရှိသည့် မင်းလှကျင်းကျေးရွာအား ဂုဏ်ပြုသောအားဖြင့် ကိုယ်တိုင် သွားရောက်ရိုက်ကူးပြီး ရေးသားတင်ဆက်လိုက်ရပါသည်။
မောင်မောင်(မင်းဘူး)