ထားဝယ် မတ် ၂၃
၂၀၂၄ ခုနှစ်၊ (၇၉) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်ရှိ (၄)လမ်းသွား ဆိပ်ကမ်းသာကွန်ကရစ်လမ်းဖောက် လုပ်ခြင်း၊ ကွန်ကရစ်လမ်းချဲ့ခြင်း၊ တံတားတည်ဆောက်ခြင်း၊ လမ်းလည်ကျွန်းတည် ဆောက်ခြင်းဆိုင်ရာ လမ်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ ကြက်စားပြင်ရပ်၊ ဆိပ်ကမ်းသာလမ်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ထားဝယ်မြို့သည် ပထဝီ အနေအထားအရ တောင်မြောက်ရှည်လျားပြီး ထားဝယ်မြို့အတွင်းမှ ထားဝယ်မြစ်အတွင်းသို့ ဖြတ်သန်းစီးဆင်းသည့် ချောင်းများ ပေါများသော ဒေသဖြစ်၍ ယခင်က ဆိပ်ကမ်းသာလမ်း (ဘုမ္မော်တံတားမှ ဆိပ်ကမ်းအာဏာပိုင်ရုံးအထိ) မှာ အကျယ် (၁၂) ပေရှိသော ကတ္တရာလမ်းသာရှိခဲ့ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်စေရန် အတွက်လမ်းပန်းဆက်သွယ်ရေးကဏ္ဍဟာ အဓိကကဏ္ဍ တစ်ရပ်အနေဖြင့်ပါဝင်သောကြောင့် ယခုအခါ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်၍ လမ်းပန်းဆက်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက် နှစ်စဉ် ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ဖွင့်လှစ်သည့် (၄) လမ်းသွား ဆိပ်ကမ်းသာ ကွန်ကရစ်လမ်းဖောက်လုပ်ရေးစီမံကိန်း၊ ကွန်ကရစ်လမ်းချဲ့ခြင်း၊ တံတားတည်ဆောက်ခြင်းနှင့် လမ်းလယ်ကျွန်း တည်ဆောက်ခြင်းတို့ကို ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ အထွေထွေ ပိုလျှံရန်ပုံငွေ (GRF) ကျပ် (၁၅၈၅.၇၂) သန်းဖြင့် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က တည်ဆောက်ခဲ့ပြီး အရှည် (၅၅၁၄) ပေအား (၄)လမ်းသွား ကွန်ကရစ်လမ်းအဖြစ်ဖောက်လုပ် ပေးနိုင်ခဲ့ကြောင်း၊ ထားဝယ်မြို့ ၊ ဆိပ်ကမ်းသာလမ်း ( DDPC Shopping Centre မှ ဆိပ်ကမ်းအာဏာပိုင်ရုံးအထိ) အရှည်ပေ မှာ (၁၆၁၈၂)ပေရှိပြီး ဆိပ်ကမ်းသာလမ်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပိုင်း (၃) ပိုင်းဖြင့် လျာထားဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုသည် အဓိက အချက်ဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ပါက ကုန်သွယ်စီးဆင်းမှု သွက်လက်မြန်ဆန်ပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ယနေ့ဖွင့်လှစ်သည့် (၄)လမ်းသွား ဆိပ်ကမ်းသာ ကွန်ကရစ် လမ်းသစ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးသည့်အတွက် ဒေသထွက်ကုန်များ၊ အဓိကအားဖြင့် ရေထွက်ကုန်များကို အချိန်တိုအတွင်း လွယ်ကူလျင်မြန်စွာ ပို့ဆောင်ရောင်းဝယ်နိုင်ခြင်းကြောင့် ဒေသခံ ပြည်သူများအတွက် လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်ပြီးမြို့ အင်္ဂါရပ်နှင့်အညီ သန့်ရှင်း သာယာလှပမှုများ တိုးတက်ကောင်းမွန်စေနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ဖြစ်ထွန်းပေါ်ပေါက်လာမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူလူထုများ၏ လူနေမှုဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် လမ်းပန်းဆက်သွယ်ရေးကဏ္ဍကို ဟန်ချက်ညီမျှစွာ ဖွံ့ဖြိုးတိုးတက်အောင်အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး ဒေသခံပြည်သူများ အနေဖြင့်လည်း တိုင်းဒေသကြီးမြို့တော်ဖြစ်သည်နှင့်အညီ ဆိပ်ကမ်းသာလမ်းတစ်လျောက် ပြည်သူလူထုများ စိတ်လက်ကြည်သာစွာ အပန်းဖြေ အနားယူနိုင်ရေးအတွက် လည်းကောင်း၊ အမှိုက်များ စနစ်တကျ စွန့်ပစ်ခြင်း၊ စိမ်းလန်းစိုပြေရေးသာယာလှပရေးလုပ်ငန်း ဝိုင်းဝန်းဆောင်ရွက်ခြင်း၊ လမ်းနှင့်သင့်လျော်သည့် ခန့်ညားထည်ဝါသော အဆောက်အဦးများ ဆောက်လုပ်အသုံးပြုခြင်းများလုပ်ဆောင်ပြီး ဒေသအကျိုးစီးပွား ဖြစ်ထွန်းစေသည့် လမ်းတံတား၊ သာယာလှပရေးလုပ်ငန်းများအား ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ပူးပေါင်းပါဝင်၍ ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးသက်ထွန်းစံက (၄) လမ်း သွားဆိပ်ကမ်းသာ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကြက်စားပြင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး အောင်မျိုးထွန်း၊ ကြက်စားပြင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဦးတို့က (၄)လမ်းသွား ဆိပ်ကမ်းသာ ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်နှင့် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသက်လွင်ဦးတို့က တာဝန်ရှိသူများအား အထိမ်းအမှတ် လက်ဆောင်များ ပေးအပ်သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပန်းပွားအဖွဲ့၊ ရေအိုးရွက်အကအဖွဲ့၊ ထားဝယ်ရိုးရာ အကအဖွဲ့၊ ဘင်ခရာအဖွဲ့များအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ပြီး (၄) လမ်းသွားဆိပ်ကမ်းသာ ကွန်ကရစ်လမ်းသစ်အား လိုက်လံကြည့်ရှုခဲ့ကြောင်း သတင်းရသည်။
ကျော်ကျော်လတ်(ပြန်/ဆက်)