ရွှေစက်တော်မန်းချောင်း အပန်ဖြေဆင်စခန်းအား တောတောင်ရေမြေနှင့် သဘာဝအလှအပများ ကြည့်ရှုခံစားနိုင်ရန် လာရောက်ဖို့ဖိတ်ခေါ်

မင်းဘူး မတ် ၂၃

ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းသည် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖြစ် ဖော်ဆောင်ထားသော ဆင်စခန်းများတွင် တစ်ခုဖြစ်ပြီး၊ ပြည်တွင်းပြည်ပမှ ခရီးသွားလာရန် လွယ်ကူစေရန်နှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည့်နေရာ၊ တောတောင်ရေမြေနှင့် သဘာဝအလှအပများ၊ စိမ်းစို၍ ရှုခင်းများ ကောင်းသောနေရာများတွင်  တည်ဆောက်ထားခြင်းဖြစ်သည်။

ရွှေစက်တော် မန်းချောင်းအပန်းဖြေ ဆင်စခန်းသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်တွင်ရှိပြီး၊ မြန်မာ့သစ်လုပ်ငန်း မင်းဘူးခရိုင် သစ်ထုတ်ရေးဒေသ လက်အောက်တွင် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်က ဆင်စာများအတွက် ဝါးအမျိုးမျိုးနှင့် ကိုင်းမြက်များ ပေါများသည့်အပြင် ရေအလွယ်တကူ ရရှိနိုင်သော မန်းချောင်းဘေး ဧက ၇၀၀ ကျယ်ဝန်း၍ ပန်းတောင်း-ပျော်ဘွယ် ကြိုးပြင် ကာကွယ်တောတွင် ဖွင့်လှစ်ခဲ့သည်။

ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးကို အခြေခံ၍ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဆင်ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်နှင့် ပြည်သူလူထု ပူးပေါင်း ပါဝင်သော (Community Base Toursim) လုပ်ငန်းများ ထွန်းကားလာစေရန်၊ ဆင်များ၏ အလေ့အထ အမူအကျင့်နှင့် နေထိုင်မှု သဘာဝများကို သိရှိနားလည်ပြီး ဆင်များအပေါ် ချစ်ခင်မြတ်နိုး တတ်စေရန်၊ Ecotourism ဖွင့်လှစ်တည်ထောင်ခြင်းဖြင့် မြန်မာ့သဘဝ တောတောင်ရေမြေ၏ အလှအပ တရားများကို ခံစားတတ်လာပြီး ထိန်းသိမ်းစောင့်ရှောက်လိုစိတ်များ ပေါ်ပေါက်လာကာ သဘာဝ ပတ်ဝန်းကျင် ကာကွယ်ရေးကို အထောက်အကူဖြစ်စေရန်၊ အစိမ်းရောင် စီးပွားရေး လုပ်ငန်းဖြင့် နိုင်ငံတော် အတွက် ဝင်ငွေရရှိစေရန်စသော ရည်ရွယ်ချက်များဖြင့် ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း မင်းဘူးခရိုင် သစ်ထုတ်ရေးဒေသ မန်နေဂျာ ဦးဇော်ဝင်းနိုင်ထံမှ သိရသည်။

ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းမှာ ရွှေစက်တော်ဘုရားမှ နှစ်မိုင်သာ ဝေးသောကြောင့် စက်တော်ရာ ပါဒခြေတော်ရာနှစ်ဆူကို ဖူးပြီးပါက ဆင်စခန်းသို့လာကာ ဆင်များစီးပြီး မန်းချောင်း တစ်လျှောက်ရှိ တောတောင်ရေမြေ သဘာဝ အလှအပတရားများကို ကြည့်ရှုခံစာရင်း မိမိတို့၏ လုပ်ငန်းခွင်များမှ ပင်ပန်းမှုများကို အတိုးချအနားယူ အပန်းဖြေနိုင်မည် ဖြစ်သည်။ ဆင်စခန်းတွင် ဆင် ၁၃ ကောင်ရှိပြီး ဆင်စီးခ နှုန်းထားများမှာ နိုင်ငံခြားသား တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ နှင့် နိုင်ငံသား တစ်ဦးလျှင် ငွေကျပ် ၅၀၀၀ ဖြစ်သည်။ ယခင်နှစ်များက ရွှေစက်တော် ဘုရားဖူးကာလဖြစ်သော တပို့တွဲ လဆန်း ၅ ရက်မှ နှစ်ဆန်း ၁ ရက်နေ့အထိ သုံးလတာကာလများတွင်သာ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးသူနှင့် လာရောက် လေ့လာလည်ပတ်သူ အများအပြားရှိကြောင်း သိရသည်။

မန်းချောင်း အပန်းဖြေဆင်စခန်းတွင် ရေမီးအစုံဖြင့် တည်းခိုစရာ ဘန်ဂလိုများလည်းရှိပြီး၊ ရိုးရိုးတည်းခိုဆောင် တစ်လုံးလျှင် ၄၀၀၀၀ ကျပ်၊ VIP တည်းခိုဆောင်အခန်း တစ်ခန်းလျှင် ၇၀၀၀၀ ကျပ်ဖြင့် တည်းခိုနိုင်သည့် အပန်းဖြေပြီး လေ့လာချင်စရာ အထင်ကရနေရာ တစ်ခုဖြစ်တာကြောင့် ကြည်လင် အေးမြသော မန်းချောင်းရေကိုချိုး၍ တောတောင်ရေမြေနှင့် သဘာဝ အလှအပတရားများကို ဆင်စီးပြီး လေ့လာခံစားလိုရင်ဖြင့် မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်မှ ရွှေစက်တော် မန်းချောင်းအပန်းဖြေ ဆင်စခန်းသို့ လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ရပါတော့သည်။

ဇေယျာထက်(မင်းဘူး)