ကယားပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက လွိုင်ကော်မြို့နယ်အတွင်း ကြိုတင် ဆန္ဒမဲပေးနေမှုများအား ကြည့်ရှုစစ်ဆေး

လွိုင်ကော် နိုဝင်ဘာ ၅

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ကယားပြည်နယ် လွိုင်ကော်မြို့နယ်တွင် အောက်တိုဘာ ၂၉ ရက်နေ့မှစ၍ ကြိုတင်ဆန္ဒမဲ ပေးခွင့်ရှိသူများ လွတ်လပ်စွာ ဆန္ဒမဲပေးလျက်ရှိရာ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ က ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ကြိုတင်ဆန္ဒမဲပေး နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင် ဦးတင်စိုးနှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့ပေါ်ရှိ နောင်ယား(က)ရပ်ကွက်၊ နာနတ်တောရပ်ကွက်၊ ဒေါဥခူရပ်ကွက်နှင့် မင်းစုရပ် ကွက်ရှိ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အသက်(၆၀) နှစ်အထက် မဲဆန္ဒရှင် သက်ကြီးရွယ်အို များနှင့် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူများ ကြိုတင်ဆန္ဒမဲပေးနေမှုများကို ကြည့်ရှုစစ်ဆေးပြီး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေး ယခုကာလသည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် အချိန် ကာလဖြစ်သဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ဆန္ဒမဲပေးနိုင်ရေး စနစ်တကျစီစဉ် ဆောင်ရွက်သွားကြ ရန် မဲရုံးမှူးနှင့် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
လွိုင်ကော်မြို့နယ်တွင် အသက်(၆၀) နှစ်အထက် မဲဆန္ဒရှင် သက်ကြီးရွယ်အို (၅၇၇၀) ဦးရှိပြီး မဲဆန္ဒရှင် သက်ကြီးရွယ်အိုများအနေနှင့် ကြိုတင်ဆန္ဒမဲများကို အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်ထိ လာရောက်မဲပေးနိုင်ကြောင်း၊ လုံခြုံရေးတာဝန်၊ မဲရုံများတွင် တာဝန်ထမ်းကြမည့် ဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၇ ရက်နေ့အထိ လာရောက်မဲပေး နိုင်ကြောင်း၊ မဲရုံသို့ မလာရောက်နိုင်သည့်သူများနှင့် ကျန်းမာရေးမကောင်းမွန်သည့် သူများ အနေဖြင့်  နိုဝင်ဘာလ ၆ ရက်နေ့မှ နိုဝင်ဘာလ ၇ ရက်နေ့အထိ ကျေးရွာ၊ ရပ်ကွက် ကော်မရှင် အဖွဲ့ခွဲ၊ အဖွဲ့ဝင်များက အိမ်တိုင်ရာရောက် မဲပေးနိုင်ရန် စီစဉ်ဆောက်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အောင်ထွန်းလေး (ပြန်/ဆက်)