ပေါက်ခေါင်းမြို့နယ်တွင် ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်ဆွေးနွေးပွဲ ကျင်းပ

ပေါက်ခေါင်း မတ် ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူး‌ပေါင်း၍ ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က(အိုးဘိုကုန်း)ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပေါက်ခေါင်းမြို့နယ်ပညာရေးမှူး ဆရာကြီးဦးအေးလှိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာန ဓမ္မသော်တိုက်နယ်ဆရာဝန်မျိုးမင်းဇော်က ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းတွင် ဖြည့်သွင်းရမည့်ကိုယ်ရေးအချက်အလက်များ၊ ကိုယ်ရေးရာဇဝင်နှင့် ကာကွယ်ဆေးထိုးနှံထားခြင်းရာဇဝင်၊ ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံမှုအခြေအနေနှင့် အခြားရောဂါလက္ခဏာများနှင့်ပတ်သက်၍ ဖြည့်သွင်းစစ်ဆေးဆောင်ရွက်ရမည့် မှတ်တမ်းများအား ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါ ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းသို့ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ထက်၊ လယ်၊ မူကျောင်းများမှ ကျောင်းကျန်းမာရေးတာဝန်ခံသင်တန်းသား၊ သင်တန်းသူဆရာ၊ ဆရာမ(၄၄၈)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းနည်းပြ(၄)ဦးမှ သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ မတ်လ ၂၁ ရက်နေ့မှ (၂၂)ရက်နေ့အထိ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)