ထားဝယ် မတ် ၂၁
ထားဝယ် စာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီမှ ကြီးမှူးဖွင့်လှစ်သော ထားဝယ်ရိုးရာ အိုးစည်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက တိုင်းရင်းသားလူမျိုးများတွင် ကိုယ်ပိုင်ယဉ်ကျေးမှု၊ အဆိုအက၊ အနုပညာ၊ ရှေးဓလေ့ဟန်ပန်အမျိုးစုံ ရှိပါကြောင်း၊ ထိုရှေးဟောင်းအမွေအနှစ် ယဉ်ကျေးမှုဓလေ့၊ အဆို၊ အက၊ အနုပညာတို့သည် မိမိတို့ မြန်မာလူမျိုးတို့အတွက် တန်ဖိုးမဖြတ်နိုင်သော ရတနာများပင်ဖြစ်ကြောင်း၊ ထို့အတူ ထားဝယ်တိုင်းရင်းသားတို့တွင်လည်း ရှေးဟောင်း၊ အနုပညာ၊ အဆို၊ အကရှိပြီး ထားဝယ် တိုင်းရင်းသားတွင် ရမ်းအက၊ ဒိန်းအက၊ အိုးစည်အကဟူ၍ ရှေးရိုးရာအက (၃)မျိုးရှိကြောင်း၊ အဆိုပါအကများအနက် ထားဝယ်ရှေးရိုးရာ အိုးစည်အကနှင့်အိုး စည်သီချင်းတို့တွင် မြူးကြွပျော်ရွှင်စရာကောင်းပြီး အထူးစိတ်ဝင်စားဖွယ်ကောင်းကြောင်း၊ ရှေးထားဝယ်ရိုးရာ အိုးစည်ပညာရပ်များအား ဆက်လက်ထိန်းသိမ်းနိုင်ရန်၊ အခမ်းအနားနှင့်ပွဲလမ်းများ၊ ရိုးရာဓလေ့ပွဲများတွင် ပါဝင်ဆင်နွဲနိုင်ရန်ရည်ရွယ်ပြီး ထားဝယ်ရိုးရာအိုးစည်သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ ထားဝယ်၏ ယဉ်ကျေးမှုအနုပညာသုခုမပညာရပ် အမွေအနှစ်များကို ထိန်းသိမ်းနိုင်ရန် ထားဝယ်ရိုးရာအိုးစည် သင်တန်းကိုဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်သောကြောင့် သင်တန်းဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှကူညီပေးသူအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့်အိုးစည်တီးမှုတ် ကခုန်ပညာရပ်များကို အခြေခံအဆင့် လေ့ကျင့်သင်ယူခြင်းတွင်ရပ်မနေဘဲ ဆက်လက်ဆည်းပူးလေ့လာသင်ယူရန်လိုအပ်ကြောင်း၊ ထားဝယ်တိုင်းရင်းသား ဘိုးစဉ်ဘောင်ဆက် ထိန်းသိမ်းစောင့်ရှောက်လာသော ယဉ်ကျေးမှုအနုပညာ အမွေအနှစ်များအား မတိမ်ကော မပျောက်ကွယ်အောင် ထိန်းသိမ်းမြှင့်တင်သွားကြရန် လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူ (၂၃)ဦးအား သင်တန်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ပြီး တက်ရောက်လာသူများအား သင်တန်းသား၊ သင်တန်းသူများက အိုးစည်အကဖြင့် တင်ဆက်ကပြဖျော်ဖြေကာ ထားဝယ်စာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်က ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)