ရေတာရှည်မြို့နယ်၌ ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်

ရေတာရှည် မတ် ၂၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ အ​​ခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာသင်တန်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း (ရေတာရှည်) ခန်းမတွင် ကျင်းပပြုလုပ်သည်။

အဆိုပါ သင်တန်းတွင် မြို့နယ်ပညာရေးမှူး ဒေါ်ခင်သက်ဦးက ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်း ရည်ရွယ်ချက်ဖြစ်သည့် ကျန်းမာရေးစစ်ဆေးတွေ့ရှိချက်များကို စနစ်တကျ မှတ်တမ်းတင်နိုင်ရေး၊ မိဘအုပ်ထိန်သူများ၊ ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများ၏ အဖြစ်များသော ရောဂါကျန်းမာရေးပြဿနာများ ဖော်ထုတ်သိရှိနိုင်ရန်၊ ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေးကို အချိန်မီလွှဲပြောင်းကုသခြင်းအား ကျန်းမာရေးဌာနနှင့် ချိတ်ဆက်၍ လိုအပ်သည့် စောင့်ရှောက်မှုများ ရယူနိုင်ရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို မိဘနှင့် ပူးပေါင်းဆောင်ရွက်နိုင်စေရန်တို့ကို ရှင်းလင်းပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဦးမြင့်သူက ကျောင်းကျန်းမာရေး စစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာများ လက်တွေ့ရေးသွင်းခြင်းကို သင်တန်း​ပေးသည်။

အဆိုပါသင်တန်းသို့ ရေတာရှည်မြို့နယ်အတွင်းရှိ ဆွာမြို့၊ သာဂရမြို့၊ မြို့လှမြို့နှင့် ရေနီမြို့တို့မှ ကျောင်းအုပ်ကြီးများ ၊ တာဝန်ခံ ဆရာ ဆရာမများ တက်ရောက်ခဲ့ကြပြီး သင်တန်းအား မတ်လ ၂၁ ရက်မှ မတ်လ ၂၂ ရက်နေ့အထိ ၂ ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)