ပဲခူး မတ် ၂၁
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ နှင့်အတူ ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား (၁၆) ကြိမ်မြောက် လစဉ် (၂၁) ရက်နေ့ရောက်တိုင်း အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်နေခြင်းအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေ ရောဂါကုဆေးရုံးကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူကြသည့် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးဝန်ထမ်းများက စမ်းသပ်စစ်ဆေးကုသပေးနေမှု၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးနေမှုများအား လိုက်လံကြည့်ရှုခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကျန်းမာရေးစောင့်ရှောက်မှုလာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားပြီး အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အပြည့်အဝကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးအတွက် သောက်သုံးဆေးဝါးများ ပြတ်လပ်မှုမရှိစေရေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး လာရောက်ပြသသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား လစဉ်ကျန်းမာရေး စစ်ဆေးပေးခြင်းများအပြင် တစ်ဦးလျှင် လိုအပ်သောဆေးဝါးများ (၁) လစာ အခမဲ့ထောက်ပံ့ပေးအပ်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် မလာရောက်နိုင်သည့် အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများအတွက် အခြားရက်တွင် အငြိမ်းစားဆေးကုသခွင့်လက်မှတ်ဖြင့် ဆေးရုံကြီးသို့လာရောက်ပြသ၍ ဆေးဝါးတစ်လစာ အခမဲ့ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာလုပ်ငန်းနယ်ပယ်အသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အငြိမ်းစားယူပြီနောက် ကျန်းမာရေးနှင့်ပတ်သက်၍ အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုကို ခံယူခြင်းဖြင့် ကျန်းမာပျော်ရွှင် အသက်ရှည်စွာ နေထိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်စီစဉ်မှု၊ ဌာနဆိုင်ရာ၊ မြို့မိမြို့ဖ၊ လူမှုရေးအသင်း အဖွဲ့များ၏ ပူးပေါင်းကူညီပါဝင်မှုဖြင့် လစဉ်(၂၁)ရက်နေ့တိုင်း တိုင်းဒေသကြီးအတွင်းမြို့နယ် (၂၈) မြို့နယ်ရှိ ပြည်သူ့ဆေးရုံကြီးများ၌ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိသည့်အပြင် အခြေခံစားကုန်များကိုလည်း သက်သာသောနှုန်းထားဖြင့် သက်ဆိုင်ရာဆေးရုံများတွင် တစ်ပါတည်း ရောင်းချပေးလျက်ရှိသည့်အပြင် မြို့မိ/မြို့ဖများကလည်း ကျန်းမာရေးဝန်ထမ်းများအား နေ့လည်စာဖြင့်လည်းကောင်း၊ ဆေးကုသ မှုလာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား စေတနာရှင်ပြည်သူများ၊ လူမှုအရေးအသင်းအဖွဲ့များက ရေသန့်၊ လဘက်ရည်၊ အအေးတို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)