ထန်းတပင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်းဖွင့်လှစ်

ထန်းတပင်(ပဲခူး) မတ် ၂၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်ပညာရေးဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့် သင်တန်းကို ယနေ့နံနက် ၉ နာရီခွဲက ထန်းတပင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းပင်လုံခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးစောကျော်မိုးမှ ကျောင်းကျန်းမာရေး စစ်ဆေးမှု မှတ်တမ်းကတ် အသုံးပြုခြင်းနှင့်ပတ်သက်ပြီး အကြောင်းအရာများကို အကျယ်တဝင့်ဆွေးနွေးပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးဆရာမ ဒေါ်အိအိ၀င်းက ကျောင်းကျန်းမာရေးစစ်ဆေးချိန်တွင် ကျောင်းသူ၊ ကျောင်းသား တစ်ဦးချင်းစီအတွက် စစ်ဆေး တွေ့ရှိချက်များကို စနစ်တကျမှတ်တမ်းတင်ထားနိုင်ရန်၊ ကျောင်းသားမိဘများ၊ အုပ်ထိန်းသူများနှင့် ဆရာ/မတို့က မိမိကျောင်းရှိ ကျောင်းသား ကလေးများတွင် အဖြစ်များသောရောဂါ ကျန်းမာရေးပြဿနာများကို ဖော်ထုတ်သိရှိနိုင်စေရန်၊ မိဘများသို့အသိပေးခြင်း၊ အချိန်မီလွှဲပြောင်းကုသခြင်း၊ ကျန်းမာရေးဌာနနှင့် ချိတ်ဆက်၍ လိုအပ်သည့် စောင့်ရှောက်မှုများရယူရန်၊ မိဘ၊ ဆရာနှင့် ကျောင်းသူ၊ ကျောင်းသားများက ကျန်းမာရေးကို ပိုမိုစိတ်ပါဝင်စားလာစေရန်၊ ကျောင်းကျန်းမာရေးဆိုင်ရာလုပ်ငန်းရပ်များကို မိဘများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်စေရန် ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၆၈) ကျောင်းမှ တစ်ကျောင်းလျှင် ဆရာ၊ ဆရာမ (၂) ဦးနှုန်းဖြင့် စုစုပေါင်း(၁၃၆)ဦး တက်‌ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၂) ရက်ကြာမြင့်မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)