နတ်မောက် မတ် ၂၁
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ကျောင်းကျန်းမာရေးကတ်အသုံးချမှုလမ်းညွှန်သင်တန်း ဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းအေးက ကျောင်းကျန်းမာရေးစစ်ဆေးချိန်တွင် ကျောင်းသား/သူတစ်ဦးချင်းစီအတွက် စစ်ဆေးတွေ့ရှိချက်များကို စနစ်တကျမှတ်တမ်းတင်ထားနိုင်ရန်၊ ကျောင်းသားမိဘများ၊ အုပ်ထိန်းသူများနှင့် ဆရာ/မတို့က မိမိကျောင်းရှိ ကျောင်းသားကလေးများတွင် အဖြစ်များသော ရောဂါကျန်းမာရေးပြဿနာများကို ဖော်ထုတ်သိရှိနိုင်စေရန် မိဘများသို့အသိပေးခြင်း၊ အချိန်မီလွှဲပြောင်းကုသခြင်း၊ ကျန်းမာရေးဌာနနှင့်ချိတ်ဆက်၍ လိုအပ်သည့်စောင့်ရှောက်မှုများကိုရယူရန်၊ မိဘ၊ ဆရာနှင့် ကျောင်းသား/သူများက ကျန်းမာရေးကို ပိုမိုစိတ်ပါဝင်စားလာစေရန်နှင့် ကျောင်းကျန်းမာရေးဆိုင်ရာ လုပ်ငန်းရပ်များကို မိဘများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်စေရန် စသည့်ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနရှိ ကျန်းမာရေးဆရာမက ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ်အသုံးပြုခြင်းဆိုင်ရာများနှင့်ပတ်သက်၍ ကျောင်းသားတစ်ဦးချင်းသတ်မှတ်သည့်ပုံစံများတွင် ဖြည့်သွင်းရမည့် ကိုယ်ရေးအချက်အလက်များ၊ စစ်ဆေးတွေ့ရှိချက်၊ ကျန်းမာရေးပြဿနာများ၊ ရောဂါရာဇဝင်နှင့် ကာကွယ်ဆေးထိုးနှံခြင်းရာဇဝင်၊ ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံထားမှုအခြေအနေ၊ အာဟာရနှင့် ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအခြေအနေများနှင့် အခြားရောဂါလက္ခဏာများ စသည့် ဖြည့်သွင်းဆောင်ရွက်ရမည့် မှတ်တမ်းများအား ရှင်းလင်းဆွေးနွေးခဲ့သည်။
အခမ်းအနားတွင် ကျောင်းကျန်းမာရေးကတ်အသုံးချမှု လမ်းညွန်သင်တန်းသို့ ကျောင်းကျန်းမာရေးနည်းပြ ဆရာမ (၄)ဦး၊ မြို့နယ်အခြေခံပညာရေးကျောင်းများမှ ဆရာ/မ (၄၄၆)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ မတ်လ(၂၁)ရက်နေ့မှ (၂၂)ရက်နေ့အထိ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
လှဝင်း