ကြံခင်းမြို့နယ်အတွင်းရှိပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ဟောပြောပွဲများဆက်လက်ဆောင်ရွက်

ကြံခင်း မတ် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ ဒေသနေပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက် အသိပညာပေးဟောပြောပွဲများကို ယမန်နေ့နံနက် (၉) နာရီအချိန်က  ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၅) ခုရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံများ၌ ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဟောပြောပွဲဆောင်ရွက်ရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က ပြည်သူများသိရှိနားလည်နိုင်စေရန်အတွက် ပြည်သူ့စစ်မှုထမ်းဆိုင်ရာကိစ္စရပ်များဖြစ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်များ၊ စစ်မှုထမ်းရမည့်အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ အမျိုးသားရေးတာဝန်၊ စိုးရိမ်ရန်မလို‌ကြောင်း၊ ဘာကြောင့်ပြည်သူ့စစ်မှုထမ်း စနစ်ကျင့်သုံးရတာလဲ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ကင်းလွတ်ခွင့်များနှင့် ယာယီရွှေ့ဆိုင်းနိုင်သူများ အစရှိသည်များအား ဆွေးနွေးဟောပြောပြီးနောက်၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်စိုးက  ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ online မှာ သတင်းမှားများ ပျံ့နှံ့နေကြောင်း၊ ဥပဒေအရ စစ်မှုထမ်းရန်သတ်မှတ်ကာလ၊ အကျုံးဝင်သူများ၊ ကင်း လွတ်ခွင့်ရရှိသူများကိုလည်း ဥပဒေထဲတွင်ပြဌာန်းထားပါကြောင်း၊ အကျုံးဝင်သူတွေကို မှတ်ပုံတင်ထားမည်ဖြစ်ကြောင်း၊ ချက်ခြင်းလက်ငင်း အကျုံးဝင်သူအားလုံးခေါ်ယူမည်မဟုတ်ပါကြောင်း၊ online ပေါ်မှာ လှုံ့ဆော်နေသကဲ့သို့ စိုးရိမ်မှုမရှိကြရန်နှင့်  ပြည်သူ့စစ်မှုထမ်းစနစ်ကျင့်သုံးရခြင်းနှင့်ပတ်သက်၍   အသိပညာပေးရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော ဒေသနေပြည်သူများက သိရှိလိုသောအချက်များအား မေးမြန်းကြရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးဟောပြောခဲ့ကြသည်။

ထို့နောက် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သိကောင်းစရာ လက်ကမ်းစာစောင်များအား ပြည်သူများထံသို့ ဖြန့်ဝေပေးခြင်းများဆောင်ရွက်ကြပြီး ကျေးရွာခွဲများမှပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ထပ်ဆင့်အသိပညာပေးမှာဖြစ်သလို ဟောပြောပွဲသို့တက်ရောက်သော ဒေသနေပြည်သူများကလည်း စိုးရိမ်ဖို့မလိုပါကြောင်း အသိပညာလက်ဆင့်ကမ်းပေးကြဖို့ မှာကြားပါသည်။

ကြံခင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၃၅) အုပ်စုရှိရာ  ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ဒေသနေပြည်သူများအား အသိပညာပေးခြင်းကို ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၂၀) စုတွင် ဆောင်ရွက်ပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသော ကျေးရွာအုပ်စုများသို့ ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)