လပွတ္တာ နိုဝင်ဘာ ၅
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများက မဲပေးနိုင်ရေးအတွက် ဆန္ဒမဲလက်မှတ်များအား မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်၊ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများထံသို့ ထုတ်ပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီတွင် လပွတ္တာမြို့နယ်ရဲစခန်း အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆန္ဒမဲလက်မှတ်များ ထုတ်ပေးရာတွင် သေချာစွာစိစစ်လက်ခံကြရန်နှင့် ကိုဗစ် - ၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက်ကြစေလိုကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။
လပွတ္တာမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ (၈၂) အုပ်စုရှိ မဲရုံ (၂၆၃) ရုံအတွက် ဆန္ဒမဲလက်မှတ်များ၊ အသိပညာပေး လက်ကမ်းစာစောင်များ၊ မဲပေးပုံအဆင့်ဆင့် ပညာပေးဗွီဒီယိုခွေများ၊ သိမှတ်ဖွယ်ရာ စာအုပ်များ၊ စည်းမျဉ်းစည်ကမ်း စာအုပ်များ၊ လုပ်ငန်းလမ်းညွှန်စာအုပ်များ၊ အပြင်မဲရုံသုံးဆိုင်ရာ ပစ္စည်းများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများထံ သို့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ စိစစ်ထုတ်ပေး လျက်ရှိပါကြောင်း တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ဝင်းကျော်မြင့်(ပြန်/ဆက်)