တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တာဝန်ရှိသူများ ကော့သောင်းမြို့အတွင်းရှိ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်ချက်များ ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြား

ကော့သောင်း မတ် ၁၈

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ကော့သောင်းခရိုင်၊ ကော့သောင်းမြို့ရှိ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် အပြည်ပြည်ဆိုင်ရာ နယ်စပ်အဝင်/အထွက် ဂိတ်မုခ်ဦးအပါ အဆောက်အဦတည်ဆောက်သည့် လုပ်ငန်းနေရာသို့ ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုခဲ့ကြသည်။

ရှေးဦးစွာလုပ်ငန်းတည်ဆောက်ရေးအား တာဝန်ယူဆောင်ရွက်နေသည့် နောင်ရိုးမြန်မာဖွံ့ဖြိုးတိုး တက်ရေး ကုမ္ပဏီမှ တာဝန်ရှိသူများက (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ကော့သောင်းမြို့ အပြည်ပြည်ဆိုင်ရာ နယ်စပ်အဝင်/အထွက် ဂိတ်မုခ်ဦးအပါ အဆောက်အဦတည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များနှင့် အဆောက်အဦ တည်ဆောက်ခြင်းလုပ်ငန်း အဆင့်ဆင့်ဆောင်ရွက်ပုံ မှတ်တမ်းများ၊ အဆောက်အဦဆောက်လုပ်မည့် အစီအစဉ်များအား ချပြရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက အဆောက်အဦအား အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန် ၊သက်ဆိုင်ရာ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းနောက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်ကြသော စီးပွားရေးရာဝန်ကြီးဦးမောင်ကြီးနှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာတို့သည် တိုင်းဒေသကြီးဟိုတယ်နှင့်ခရီးသွားညွှန်ကြားရေးမှူးရုံးမှ စီစဉ်ကြီးကြပ်မှုဖြင့် ကော့သောင်းမြို့၊ ဗြဟ္မဝိဟာရကျောင်းတွင် (၁)လတာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော ဒေသဆိုင်ရာဧည့်လမ်းညွှန် (အခြေခံ)သင်တန်းတွင် သင်တန်းသင်ကြားနေမှု အခြေအနေများအား သွားရောက်ကြည့်ရှု၍ စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက ဧည့်လမ်းညွှန်သင်တန်းသား၊ သင်တန်းသူများ အနေဖြင့် အနာဂတ်ခရီးသွားလုပ်ငန်းအောင်မြင်စေရန်အတွက် တိုင်းပြည်ချစ်စိတ်ရှိရန်နှင့် ဒေသန္တရဗဟုသုတ ရှိရန်လိုအပ်ကြောင်း၊ ဧည့်လမ်းညွှန်ဆိုင်ရာ သိသင့်၊ သိထိုက်သည်များ၊ ဆောင်ရန်၊ ရှောင်ရန်အချက် များကို လေ့လာမှတ်သား၍ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လမ်းညွှန်အမှာစကား ပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)