မြန်အောင် မတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် စာပေချစ်သူများက ဦးစီးကျင်းပသော ၂၀၂၄ ခုနှစ် ကမ္ဘာ့ကဗျာနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပွဲနှင့် နွားခြေရာခွက်ထဲကရှိုက်သံများ ကဗျာစာအုပ်မိတ်ဆက်ပွဲကို ယနေ့နံနက်က မြန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျဆုံးကွယ်လွန်ပြီးသော ကမ္ဘာ့နေရာအသီးသီးမှ ကဗျာဆရာ အပေါင်းအား လေးစားဂုဏ်ပြုသောအားဖြင့် တစ်မိနစ်ငြိမ်သက်ခြင်းပြုလုပ်၍ မြန်အောင်မြို့နယ်စာရေးဆရာ အသင်းဥက္ကဋ္ဌ ဦးနေဝင်း (နေဝင်းဝင်း-လွန်ဆေး) က အဖွင့်အမှာစကားပြောကြားပြီး နွားခြေရာခွက်ထဲကရှိုက်သံများ ကဗျာစာအုပ်စီစဥ်သူ ဟိန်းမင်း (မြန်အောင်ရေနံမြေ) က ကဗျာစာအုပ်ထုတ်ဝေမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက် နွားခြေရာခွက်ထဲကရှိုက်သံများ ကဗျာစာအုပ်အတွက် အမှာစာရေးသားပေးသော ဆရာမြတ်ခိုင်ဦးက အမှတ်တရစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သု့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းထွန်း၊ မြန်အောင်/ ရွှေပြည်သာရေနံမြေ အထွေထွေမန်နေဂျာဦးညွှန့်နိုင်၊ မြန်အောင်မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး ဦစံဝင်းအောင် နှင့်မြန်အောင်မြို့နယ် ဥတ္တရကြယ်စင်စာပေအင်အားစုဥက္ကဋ္ဌ ဦးသန်းဇော်ဦး (မိုးသက်ဇော်) တို့က မုဒိတာစကားပြောကြားကြသည်။ အခမ်းအနားတွင် ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်ပွဲသို့ တက်ရောက်ကြသည့် ကဗျာချစ်သူများကတစ်ဦးချင်းမိတ်ဆက်၍ နှစ်သက်မြတ်နိုးသော ကဗျာတစ်ပုဒ်စီရွတ်ဆို၍ အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ်
မြန်အောင် (ပြန်/ဆက်)