စလင်းမြို့နယ် ဆင်ဖြူကျွန်းသုံးပင်တောင်ပိုးသည်ရပ်ကွက်၌ တစ်ပိုင်တစ်နိုင် မိရိုးဖလာအိမ်တွင်းလက်မှုမြေအိုးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

စလင်း မတ်  ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ သုံးပင်တောင်ပိုးသည်ရပ်ကွက်၌ အသေးစားအိမ်တွင်းလက်မှုလုပ်ငန်းတစ်ခုဖြစ်သည့်  မြေအိုးအမျိုးမျိုးနှင့်  ကလေးကစားစရာများကို ပြုလုပ်ရောင်းချသည့် မြေအိုးအငယ်စားအိုးလုပ်ငန်းကို  တစ်နိုင်တစ်ပိုင် လုပ်ကိုင်လျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးမောင်မောင်လွင်က သုံးပင်တောင်ပိုးတန်းရပ်ကွက်ရှိ  အိုးလုပ်ငန်းလုပ်ကိုင်သူ ဒေါ်ဝင်းဝင်းမာနှင့်  တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရသည်။

အဆိုပါအိုးလုပ်ငန်းအား မိသားစုတစ်နိုင်တစ်ပိုင် အိုးအငယ်စားများ ပြုလုပ်ရောင်းချသည့်လုပ်ငန်းကို မိရိုးဖလာအိမ်တွင်းလက်မှုလုပ်ငန်းတစ်ခုအဖြစ် ယနေ့အထိလုပ်ကိုင်လျက်ရှိပြီး အလုပ်သမားငှားရမ်းလုပ်ကိုင်ခြင်းမရှိဘဲ မိသားစုကိုယ်တိုင် ပြုလုပ်၍ အိုးအငယ်စားများအား ပြုလုပ်ရောင်းချသူ ဒေါ်ဝင်းဝင်းမာကိုယ်တိုင် လုပ်ကိုင်ဆောင်ရွက်ရာ ဘုရားပန်းညောင်ရေအိုးအကြီး၊ အလတ်၊ အသေး၊ စုဘူး၊ မြေပန်းဂံ၊ မြေရေအိုးဖုံးဆားပုတ်အိုး၊ သင်္ကြန်အတာရေအိုးအမျိုးမျိုး၊ ကလေးကစားစရာအိုးပုတ်အမျိုးမျိုး ဆိုက်စုံပြုလုပ်ရောင်းချလျက်ရှိပြီး အိုးအမျိုးမျိုးနှင့် ကလေးကစားစရာ ပြုလုပ်ဆောင်ရွက်ရာတွင် ရှေးဦးစွာ  လယ်ယာမြေများမှ မြေကိုမှာယူ၍  ရေဖြင့် နူးနှပ်ထားပြီး  ရွှံ့တုန်းများပြုလုပ်၍ မိမိပြုလုပ်လိုသည့် ပစ္စည်းပုံစံဖြစ်အောင် လက်လှည့်ခုံပေါ်တင်၍  ခုံအားလက်ဖြင့် လှည့်လည်စေကာ၊ ညောင်ရေအိုးအမျိုးမျိုး၊ ဆားပုတ်အိုး၊ စုဘူး၊ မြေပန်းဂံ၊ သောက်ရေအိုးအဖုံးတို့ကို လက်ဖြင့် အဆင့်ဆင့်ပြုလုပ်ပြီးမှ နေပူလှမ်း၍  အိုးဖုတ်ဖိုသို့ထည့်ကာ  ၄ နာရီကြာသာ မီးပြင်းထိုး၍ ဖုတ်ရကြောင်း သိရသည်။

ဆင်ဖြူကျွန်းမြို့ ပိုးတန်းမှထွက်ရှိသော ညောင်ရေအိုး အကြီး၊ အလတ်၊ အသေးတစ်လုံးလျှင်  ၅၀၀ ကျပ်၊ ၂၀၀ ကျပ်၊ ၁၅၀ ကျပ်သာ ဖောက်သည်ပေးရောင်းချရပြီး စုဘူး၊ မြေပန်းဂံ၊ ဆားပုတ်အိုးများကိုလည်း ထိုနည်းတူစွာရောင်းချရကြောင်း ကလေးကစားစရာအဖြစ် ရေနွေးအိုးအိုးငယ်များနှင့် ကလေးကစားစရာအရုပ်များကို  ဆင်ဖြူကျွန်းမြို့ပေါ်စျေးနှင့် အိမ်နီးချင်းမြို့များ၊ ကျေးရွာများနှင့် ဘုရားပွဲချိန်များတွင် မိသားစုပြုလုပ်ရောင်းချသည့် အိုးများ၊ အိုးပုတ်များကို  တစ်နိုင်တစ်ပိုင်အနေဖြင့် ရောင်းချအဆင်ပြေလျက်ရှိကြောင်း မြေအိုးလုပ်ငန်း တစ်နိုင်တစ်ပိုင်လုပ်ကိုင်သူ  ဒေါ်ဝင်းဝင်းမာ၏ ပြောပြချက်အရ သိရှိရသည်။

မောင်လွင်