ခန္တီးမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းသရုပ်ပြပွဲပြုလုပ်

ခန္တီး မတ် ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ပူပြင်းခြောက်သွေ့သော နွေရာသီရောက်ရှိလာပြီဖြစ်၍ မီးလောင်မှု/မီးလန့်မှုများမဖြစ်ပွားမပေါ်ပေါက်စေရန်၊ ရုံးဌာနမီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက မီးငြိမ်းသတ်ခြင်းလုပ်ငန်းများအား ပါဝင်ဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ ခန္တီး ခရိုင်မီးသတ်ဉီးစီးဌာနက မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းသရုပ်ပြပွဲကို ယမန်နေ့က ခန္တီးမြို့မ ရဲစခန်း၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းသရုပ်ပြပွဲတွင် ဒုတိယမီးသတ်ဉီးစီးမှူး ဉီးအောင်ကိုလင်း က "မီးဘေးရှောင်မ‌လောင်ခင်တား" ဟူသည့်ဆောင်ပုဒ်အတိုင်း မီးဘေးအန္တရာယ်မှကာကွယ်ရန် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများ ဆောင်ရွက်ထားကြရန်၊ မီးသုံးစွဲသည့် မီးဖိုဆောင်များအား နံနက်ပိုင်းနှင့် ညနေပိုင်းများမှသာ အသုံးပြုကြရန်နှင့် မီးအားစနစ်တကျသုံးစွဲကြရန် ရှင်းလင်းပြောကြားပြီး မီးဘေးအန္တရာယ်နှင့်ကြုံတွေ့ရပါက မိမိတို့ကိုယ်တိုင် စနစ်တကျမီးငြိမ်းသတ်နိုင်စေရန် မီးငြိမ်းသတ်ပုံများအား မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့သရုပ်ပြသခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အိမ်ထောင်သည်မိသားစုဝင်ရဲမေများက လက်တွေ့ဆောင်ရွက်ခြင်း များပြုလုပ်ခဲ့ကြသည်။

အဆိုပါကွင်းသရုပ်ပြပွဲသို့ ခန္တီးမြို့မရဲစခန်းမှူး အေးဇော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အိမ်ထောင်သည်မိသားစုဝင်ရဲမေများ စုစုပေါင်းအင်အား (၂၃) ဉီး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)