ဖျာပုံ မတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဖျာပုံမူလတန်းကြိုကျောင်းနှင့် ကျောင်းအကျိုးတော်ဆောင်များပူးပေါင်း၍ လူမှုဝန်ထမ်းဦးစီးဌာန၊ ဖျာပုံမူလတန်းကြိုကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ပဒေသာကပွဲနှင့် ECCD Certificate ပေးအပ်ချီးမြှင့်ပွဲကို မတ်လ(၂၁)ရက်နေ့ နံနက်(၉)နာရီ အချိန်က ဖျာပုံမူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပသည်။
အဆိုပါ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပဒေသာကပွဲနှင့် ECCD Certificate ပေးအပ်ချီးမြှင့်ပွဲတွင် ဖျာပုံခရိုင် လူမှုဝန်ထမ်းရုံးမှ ဦးစီးမှူးဒေါ်သွယ်လွင်အေးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပဒေသာကပွဲနှင့် ECCD Certificate ပေးအပ်ချီးမြှင့်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူကလေးများက "ကျောင်းသီချင်း"၊ "ကလေးတို့ရဲ့သဘာဝ" သီချင်းများဖြင့် သီဆိုဖျော်ဖြေကြပြီး၊ ခရိုင်လူမှုဝန်ထမ်းရုံးမှ ဦးစီးမှူး ဒေါ်သွယ်လွင်အေး၊ ဖျာပုံမူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ECCD Certificate များကို ကျောင်းသား၊ ကျောင်းသူကလေးများအား အသီးသီးပေးအပ် ချီးမြှင့်ကြသည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူကလေးများက "စည်းလုံးခြင်းအတွက်သီချင်းတစ်ပုဒ်"၊ ချစ်လိုက်တော့ 123၊ သင်္ကြန်မိုး၊ ခပ်မိုက်မိုက်ချစ်ကြစို့၊ စပါကလင်အချစ် စသောတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြသည်။ ဖျာပုံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ အတန်းပြီးဆုံးခဲ့သော ဖျာပုံမူလတန်းကြိုကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ (၆၅)ဦးရှိပြီး၊ ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်တွင် အစိုးရမူလတန်းကြိုကျောင်း (၄)ကျောင်းရှိကြောင်း ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှသိရှိရသည်။
အောင်ဝင်းနိုင်
ဖျာပုံခရိုင်(ပြန်/ဆက်)