မအူပင်မြို့တွင် ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

မအူပင် မတ် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ရောင်းချနေသော ဆေးနှင့် ဆေးပစ္စည်းများ၌ ပုံစံတူစံမမီဆေးဝါးများ ရောင်းချမှု ရှိ/မရှိ ကုန်အညွှန်းအမှတ်အသား ပါဝင်ခြင်း ရှိ/မရှိအား ယမန်‌နေ့ နံနက် (၁၀)နာရီက ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာတွင် မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦး ဦး‌ဆောင်မှုဖြင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆေးဆိုင်များ တွင် ရောင်းချနေသော ဆေးဝါးများတွင် ဆေးဝါးမှတ်ပုံတင်၍ တင်သွင်းဖြန့်ဖြူးရောင်းချနေသော ဆေးဝါးများကို ရောင်းချရန်၊ ပုံစံတူစံမမီ ဆေးဝါးများနှင့် မှတ်ပုံတင်ထားခြင်းမရှိသော တရားမဝင် တင်သွင်းဆေးများအား ရောင်းချခြင်းမပြုကြရန်၊ စားသုံးသူနှင့် သုံးစွဲသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန် ရည်ရွယ်၍ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့အနေဖြင့် ဈေးကွက်အတွင်းရှိ အရောင်းဆိုင်များအား မှတ်ပုံတင်ခြင်းမရှိသော ဆေးဝါးများ၊ သက်ဆိုင်ရာဌာနများမှ တားမြစ်ထားသော ဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုမရှိစေရေး၊ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ၂/၂၀၁၉ ညွှန်ကြားချက်ပါ ဆေးဝါးနှင့် ဖြည့်စွက်စာများတွင် ဖော်ပြပါရှိရမည့် အချက်များနှင့် ကိုက်ညီမှုရှိစေရေး၊ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) အခန်း (၁၈) ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြချက်နှင့် ကိုက်ညီမှုရှိသော ဆေးဝါးနှင့် ပစ္စည်းများကိုသာ ဖြန့်ဖြူးရောင်းချရန် အသိပညာပေးခြင်းများကိုပါ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 အောင်မြင့်မြတ် (ပြန်/ဆက်)