သရက်မြို့၌ နွေရာသီသင်တန်းများဖွင့်ပွဲ ကျင်းပ

သရက် မတ် ၂၁

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ နွေရာသီသင်တန်းများဖွင့်ပွဲ ကျင်းပခြင်းအခမ်းအနားကို ယနေ့ နံနက် (၉)နာရီက ခရိုင်ခန်းမ၌ ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဖိတ်ကြားထားသည့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာ နိုင်ငံတော်အစိုးရနှင့် ပညာရေးဝန်ကြီးဌာနသည့် ကျန်းမာကြံ့ခိုင်ပြီး စွမ်းရည်ထက်မြတ်သော လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းရေးကို အစဉ်တစိုက် ဆောင်ရွက်ပေးမည်ဖြစ်၍ အနာဂတ်ကို ဦးဆောင်ကြမည့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ အပါအဝင် ဗလငါးတန်းဖွံ့ဖြိုးရေးအတွက်လည်း ဆောင်ရွက်ပေးလျက်ရှိပါသည်ဟူ၍ ပြောကြားပေးခဲ့ပြီး ခရိုင်ပညာရေးမှူး ဦးကျော်ဦးမှ ပညာရေးလမ်းညွှန်အမှာစကား ပြောကြားပေးခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေက သင်တန်းနှင့်ပတ်သက်သည်များကို ပြောကြားပေးခဲ့ပြီး ခရိုင်ကြက်ခြေနီ ခရိုင်တပ်ဖွဲ့မှူး ဦးအောင်နိုင်ဦးက သင်တန်းနှင့်ပတ်သက်သည့် လုပ်ငန်းဆိုင်ရာများကို ပြောကြားပေးခဲ့သည်။

အခမ်းအနားအပြီးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သင်တန်းသား/သင်တန်းသူများကို လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။   

ဇော်ထက်(သရက်)