ကြို့ပင်ကောက် မတ် ၂၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် မြန်မာရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇင်မင်းဌေးက မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သဖြင့် သင်္ကြန်ပွဲတော် ကျင်းပရေးကော်မတီများ အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန်နှင့် ဗဟိုမဏ္ဍပ် ဆောက်လုပ်ရေးကိစ္စများ သင်္ကြန်ပွဲတော်အတွင်း ရေရရှိရေးကိစ္စများ စတုဒီသာကြွေးမွေးရေးကိစ္စများ သင်္ကြန်ယိမ်းအက ဆောင်ရွက်ရမည့်ကိစ္စများ သက်ကြီးပူဇော်ပွဲ ကျင်းပပြုလုပ်နိုင်ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စများအား တက်ညီလက်ညီ ပူးပေါင်းဆာင်ရွက်သွားရန် ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသော သင်္ကြန်ပွဲတော်ကျင်းပရေး ဦးစီးလုပ်ငန်း ကော်မတီအသီးသီးမှ ဗဟိုမဏ္ဍပ်တည်ဆောက်ရေး လုံခြုံရေး၊ ယိမ်းအဖွဲ့များဖြင့် ဖျော်ဖြေရေး၊ အခမ်းအနား ပြင်ဆင်ဆောင်ရွက်ရေးနှင့် ပြည်သူများအေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက လိုအပ်သည်များကို ကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇေယျာထွန်း (ပြန်/ဆက်)