စလင်း မတ် ၂၀
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့၊ မြေမိရပ်ကွက် ကွင်းအမှတ်(၄၁၈)ရှိ တောင်သူဦးသိန်းထွန်း၏ လယ်မြေ ၀.၆၀ ဧက၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် အကျိုးဆောင် တောင်သူ ပူးပေါင်း စိုက်ပျိုးထားသော စပါးပြီးလယ်မြေပေါ်တွင် သဘာဝမြေဩဇာအသုံးပြု ရွှေဖလား ကြက်သွန်နီ နှင့် ဆီစားနေကြာ သီးထပ်သီးညှပ် စိုက်ပျိုးမှု တောင်သူပညာပေး ကွင်းသရုပ်ပြစိုက်ခင်း စံပြကွက် ရိတ်သိမ်းပွဲကို ယနေ့နံနက် (၈) နာရီက ကျင်းပပြုလုပ်သည်။
အဆိုပါစံပြကွက်ကို မိုးစပါးစိုက်ပျိုးရိတ်သိမ်းပြီး လယ်မြေပေါ်တွင် သဘာဝမြေဩဇာနွားချေး ၅ တန်၊ ဖွဲပြာ ၂ တန်မြေချ အသုံးပြုပြီး (၄၅)ရက်သား ကြက်သွန်နီပျိုးပင်များနှင့် ဆီစား နေကြာမျိုးများကို ၄ လက်မခြား ရေဖြန်းစနစ်ဖြင့် ယခင်နှစ်ဒီဇင်ဘာလမှစ၍ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးထားခြင်းဖြစ်ကြောင်း သိရသည်။
ယခုအခါ စိုက်ပျိုးပြီး ရက်(၉၀)အကြာတွင် ကြက်သွန်နီအထွက်နှုန်း ခန့်မှန်းနိုင်ရန်အတွက် တစ်ဧက၏ ၁၀၀၀ ပုံ ၁ ပုံ (၆.၆) ပေပတ်လည်ကွက်ကို ရိတ်သိမ်းရာ ၃.၁၆ ပိဿာထွက်ရှိပြီး တစ်ဧက အထွက်နှုန်း ပျမ်းမျှ ၃၁၆၀ ပိဿာထွက်ရှိကြောင်းသိရသည်။
"ယနေ့ခေတ် လယ်ယာကဏ္ဍသီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် ဓါတုဓါတ်မြေဩဇာများကို အလွန်အကျွံ သုံးစွဲခြင်းကြောင့် မြေဆီလွှာပျက်စီးခြင်း၊ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးခြင်း၊ ဓါတု ဓါတ်ကြွင်းကျန်ခြင်းနှင့် အခြားသောဘေးထွက်ဆိုးကျိုးများကို နောက်ဆက်တွဲအနေဖြင့် ခံစားကြရပြီး ၎င်းပြဿနာများကို ကုစားဖြေရှင်းပေးနိုင်သည့် နည်းလမ်းကောင်းတစ်ခု အနေဖြင့် သဘာဝမြေဩဇာအသုံးပြု တောင်သူအသိ ပညာပေးစံပြစိုက်ခင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ နေကြာရိတ်သိမ်းပြီးပါက သဘာဝမြေဩဇာအသုံးပြု၍ နှမ်းနက်ဆင်းရတနာ-၃ မျိုးများကို ဆက်လက်စိုက်ပျိုး၍ သီးထပ်သီးညှပ်စိုက်ပျိုးမှု တောင်သူအသိပညာပေး ကွင်းသရုပ်ပြပွဲ ပြုလုပ် ပေးသွားမည်ဖြစ်ကြောင်း" မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမြင့်လင်းကပြောသည်။
စိုးမိုးသူ(စလင်း)