ပိုင်ကျုံမြို့ ကရင်နှစ်ခြင်းခရစ်ယာန်အသင်းတော်၌ နွေရာသီ အခြေခံသင်တန်းများ ဖွင့်လှစ်

ပိုင်ကျုံ မတ် ၂၀

ကျောင်းသားလူငယ်များအနေဖြင့် နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချ တတ်စေရန်  ရည်ရွယ်၍ ပိုင်ကျုံမြို့ ကရင်နှစ်ခြင်းခရစ်ယာန်အသင်းတော် ဘုရားရှစ်ခိုးကျောင်း၌ နွေရာသီ သင်တန်းများ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ပိုင်ကျုံမြို့ ကရင်နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ အသင်းအုပ်ဆရာတော် ဦးစောစိုးလယ် ဦးဆောင်မှုဖြင့် ကျမ်းစာများနှင့် အခြေခံစကောကရင် စာပေသင်တန်းကို အခြေခံပညာ မူလ တန်းအဆင့်ရှိ ကျောင်းသား/သူ (၁၀၀) ကျော် တက်ရောက်ပြီး နည်းပြ(၅)ဦးဖြင့် သင်ကြားပို့ချကာ သင်တန်း ကို မတ်လ ၁၉ ရက်နေ့မှ မတ်လ ၂၈ ရက်နေ့အထိ ၁၀ ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်

ပိုင်ကျုံမြို့ ကရင်နှစ်ခြင်း ခရစ်ယာန်အသင်းတော်တွင် နွေရာသီကျောင်းပိတ်ကာလအတွင်း ကျောင်းသားလူငယ် မောင်မယ်များတို့မှ ကရင်စာပေ တိုးတက်မြင့်မားရေးအတွက် အခြေခံ ကရင်စာပေ သင်တန်းများ၊ စိတ်ဓာတ်ရေးရာ ခွန်အားမြင့်မားစေရေးအတွက် အခြေခံကျမ်းစာသင်တန်းများ၊ အင်္ဂလိပ်စာ စွမ်းရည် တိုးတက်စေရေးအတွက် အခြေခံအင်္ဂလိပ်စာသင်တန်းများ၊ အနုပညာစွမ်းရည် တိုးတက်မြင့်မားစေရေးအတွက် အခြေခံဂီတနှင့် တယောသင်တန်းများကို နှစ်စဉ်ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။    

နော်ခူး(ပြန်/ဆက်)