ရွှေသောင်ယံမြို့တွင် ဉာဏ်တော် (၂၇) တောင်အမြင့်ရှိ မေတ္တာအေးစေတီတော်မြတ်ကြီး တည်ထားကိုးကွယ်မည်

ရွှေသောင်ယံ မတ် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အမှတ်(၁)ရပ်ကွက် ဝိဝေကာရာမ ကျောင်းတိုက်အနီး ကြားလားတောင်တော်ပေါ်တွင် ဝိဝေကာရာမကျောင်း တိုက်ဆရာတော်  ဘဒ္ဒန္တဓမ္မိက ဦးဆောင်၍ အမှတ်(၁) ရပ်ကွက်ရှိဒယကာ၊ ဒယိကာမများ၊ ရပ်နီး၊ ရပ်ဝေးမှ အလှူရှင်များဖြင့် ဉာဏ်တော် (၂၇)တောင်အမြင့်ရှိ မေတ္တာအေးစေတီတော်မြတ်ကြီးကို တည်ထားကိုးကွယ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုအခါစေတီတော်‌ ဖောင်ဒေးရှင်း မြေသားမြေကြီးတူးခြင်းလုပ်ငန်းများကို  ဝိဝေကာရာမ ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တဓမ္မိကဦးဆောင်၍ ရပ်ကွက်အတွင်းရှိ  လုပ်အားဒါနကုသိုလ်ရှင် များဖြင့် စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါစေတီတော်မြတ်ကြီး တည်ဆောက်ရာတွင် လိုအပ်လျက်ရှိသော အုတ်အလုံးရေ  (၁၅၀၀၀၀)၊ ဘိလပ်မြေအိတ်(၁၀၀၀)၊ မြစ်သဲကျင်း (၇၀)၊ မြစ်ကျောက်စရစ် (၁၅)ကျင်း၊ ငါးမူးလုံး သံချောင်း(၄)တန်၊ လေးပဲလုံး  (သံဂွေ)  (၄)ကွိုင်၊ ၁၈ ဂိတ်သွပ်နန်းကြိုး (၂၀)ပိဿာ၊ အခြားသစ် (၁)တန်ခန့်၊   စသည်တို့အပြင် သံပိုက်၊ ဝါးများလည်း အသုံးပြုတည်ဆောက်ရမည်ဖြစ်သည်။

ထို့ပြင်စေတီတော်ကြီးတည်ဆောက်ရာတွင် ပညာရှင်လက်ခ (၁၆၂၀၀၀၀၀)သိန်း ကုန်ကျမည်ဖြစ်သည့်အတွက် အနယ်နယ်အရပ်ရပ်မှ စေတနာရှင်အလှူရှင်များကိုလည်း ဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ မေတ္တာအေးစေတီတော်မြတ်ကြီး တည်ထားကိုးကွယ်မှုပြီးစီးပါက လမ်းမကြီးဘေး ဝိဝေကာရာမ ကျောင်းတိုက်အနီး တောင်ကုန်းပေါ်တွင်ဖြစ်သည့်အတွက် စေတီတော်ကြီးအားအဝေးမှမြင်ရကာ လမ်းသွားလမ်းလာများပါ သဒ္ဓါကြည်ညိုဖူးမြော်နိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

ကိုကိုမောင်(ပြန်/ဆက်)