ကလိန်အောင် မတ် ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ငန်းထား၍ စီးပွားရေးအဖြစ်လုပ်ကိုင်လျက်ရှိရာ ယခုအခါတွင် ရာသီပေါ် ယိုးဒယားပိန္နဲသီးအမှည့်များမှာ အဝယ်လိုက်ပြီး ဈေးကောင်းရရှိကာ ရောင်းချနေရကြောင်း ကလိန်အောင်မြို့ရှိ ယိုးဒယားပိန္နဲသီးအပင်စိုက်ပျိုးတောင်သူထံမှ သိရသည်။
ကလိန်အောင်မြို့တွင် ခြံစိုက်ပျိုးလုပ်ကိုင်သူများမှာ ရိုးရိုးပိန္နဲသီးအပင်မျိုးကိုသာ စိုက်ပျိုးလေ့ရှိကြပြီး ဈေးကွက်မရရှိတာကြောင့် ယိုးဒယားပိန္နဲသီးအပင်မျိုးကို အစားထိုး၍ စိုက်ပျိုးမှုများလာကြကြောင်း စိုက်ပျိုးသူတစ်ဦးကပြောသည်။
"ယိုးဒယားပိန္နဲသီးအမှည့်က အရွယ်လုံးကလည်းကြီး အမွှာကလည်းကြီးပြီး အရသာကလဲရှိတော့ ဈေးကောင်းရောင်းရတယ်လေ၊ အသီးအရွယ် အစားလိုက် တစ်လုံးကို ကျပ် ၁၀,၀၀၀ ကနေ ၁၅,၀၀၀ အထိ ရောင်းချနေရတယ်" ဟု ၎င်းက ဆက်လက်ပြောသည်။
ကလိန်အောင်မြို့မှ ထွက်ရှိတဲ့ ယိုးဒယားပိန္နဲသီးအမှည့်များကို ဈေးတွေမှာ ရောင်းချရတာရှိသကဲ့သို့ ရန်ကုန်မြို့ဘက်ကလည်း ဝယ်ယူသူများသောကြောင့် တင်ပို့ရောင်းချနေရကြောင်း သိရသည်။
ယိုးဒယားပိန္နဲသီးများမှာ ဇန်နဝါရီလပိုင်းတွင် အသီးငယ်စတင်သီးလေ့ရှိပြီး မေလပိုင်းကုန်အထိ ခူးဆွတ်ရောင်းချကြောင်း သိရသည်။ ယိုးဒယားပိန္နဲသီးအပင်မျိုးကို ကလိန်အောင်မြို့ပေါ်၊ မိကျောင်းလှောင်ကျေးရွာ၊ ကျောက်ရှပ်ကျေးရွာနှင့် အနီးဝတ်ကျင်ကျေးရွာများတို့တွင်လည်း စိုက်ပျိုးကြကြောင်းသိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)