ဘားအံ မတ် ၂၁
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကရင်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ကြီးမှူး၍ ကရင် ပြည်နယ်နွေစပါးစံကွက်ရိတ်သိမ်းပွဲကို မတ်လ ၁၈ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့နယ်၊ ရဲသာကျေးရွာအုပ်စု၊ နောင်ခရိုင်ကျေးရွာ ကွင်းအမှတ် ၁၁၈၈/က၊ နောင်ခရိုင်ကွင်းရှိ တောင်သူဦးမြင့်ဦး၏ ဆင်းသုခနွေစပါးစိုက်ခင်း၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက စိုက်ပျိုးရေးကိုအခြေခံပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိရာ တောင်သူ လယ်သမားများ လူနေမှုဘဝသာယာမြင့်မားတိုးတက်ရေး၊ လယ်ယာထွက်ကုန်သီးနှံများ အထွက်နှုန်းမြင့်မားရေး၊ ဈေးကွက်ဝင်သီးနှံများနှင့် အဓိကသီးနှံများဈေးကောင်းရရှိရေးတို့ကို စဉ်ဆက်မပြတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ အထွက်နှုန်းမှန်ကန်ရေးအတွက်စံကွက်ရိတ်သိမ်းခြင်းနှင့် တောင်သူများအားအထွက်နှုန်း မေးမြန်းစုံစမ်းလာသည့်အခါ တောင်သူများမှ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးကြစေလိုကြောင်း၊ စိုက်ပျိုးရေးကဏ္ဍမြင့်မားလာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် တောင်သူလယ်သမားများ ၏လူနေမှုဘဝတိုးတက်မြင့်မားပြီး စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်မိုးအောင်က စံကွက်ရိတ်သိမ်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးက သီးနှံအထွက်နှုန်းတိုးတက်ရေးနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြရာ တက်ရောက်လာသောတောင်သူများက သိရှိလိုသည်များနှင့် မရှင်းလင်းသည်များအား ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများက နွေစပါးအထွက်နှုန်းမှန်ကန်စွာရရှိနိုင်ရေး စိုက်ပျိုးပြီးစီးသည့် ဧကများအနက် ကိုယ်စားပြုအလွှာ(ကောင်း)ကို ကိုယ်စားပြုသော ဆင်းသုခနွေ စပါးစိုက်ခင်းကို (၆ ဒသမ ၆ ပေ x ၆ ဒသမ ၆ ပေ) ပတ်လည် ဧရိယာ ၀ ဒသမ ၀၀၁ ဧက စံကွက်သုံးကွက်အား စံကွက်ရိတ်သိမ်းခြင်း၊ အမှတ်(၂၀) ဘားအံစက်မှု လယ်ယာဦးစီးဌာနမှ ကူဘိုတာရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခြွေလှေ့သရုပ်ပြသခြင်း၊ မြတ်ဖြတ်စက်နှင့်တွဲဖက်သုံး စပါးရိတ်စက်ဖြင့် စပါးရိတ်သိမ်းခြင်းနှင့် ခြွေလှေ့စက်ဖြင့်ခြွေလှေ့သရုပ်ပြသခြင်းတို့ကို ကြည့်ရှု အားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။
ထို့နောက် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနညွှန်ကြားရေးမှူးက ဆင်းသုခ အထွက်ကောင်းမျိုးစပါးတစ်ဧကအကျိုးအမြတ်ရရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က စံကွက်ရိတ်သိမ်းသည့်အဖွဲ့နှင့်ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကာ ယနေ့စံကွက်ရိတ်သိမ်းရာတွင် တစ်ဧကအထွက်နှုန်း ၁၂၃ ဒဿမ ၁၈ တင်း ရရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)