သဲကုန်း မတ် ၂၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ကျောင်းကျန်းမာရေး စစ်ဆေးမှုမှတ်တမ်းကဒ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (သဲကုန်း) သာဓုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်သူဝင်းက အမှာစကားပြောကြားရာတွင် ကျောင်းကျန်းမာရေးမှတ်တမ်း ကဒ်ပြားသုံးစွဲခြင်းနှင့် ပတ်သတ်၍လမ်းညွန်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမဒေါ်အေးသန္တာက ကျောင်းသားလူငယ်များ၏ အဆင့်အတန်းမြင့်မားစေရန် ကျောင်းကျန်းမာရေးကဏ္ဍကြီး တစ်ခုလုံးကို ကျောင်းသားလူငယ်များ ပညာရေးဝန်ထမ်းများ၊ ဆရာ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းဆရာဆရာမများနှင့် ပြည်သူတစ်ရပ်လုံးက တတ်ညီလက်ညီနှင့် ဝိုင်းဝန်းဆောင်ရွက်ကြရန်၊ ကျောင်းကျန်းမာရေးစစ်ဆေးချိန်တွင် ကျောင်းသား ကျောင်းသူ တစ်ဦးချင်းအတွက် စစ်ဆေးတွေ့ရှိချက်များကို စနစ်တကျမှတ်တမ်းတင်ထားနိုင်ရန်၊ ကျောင်းသား မိဘများ/အုပ်ထိန်းသူများနှင့် ဆရာ/ဆရာမတို့က မိမိကျောင်းရှိ ကျောင်းသား /ကျောင်းသူများတွင် အဖြစ်များသောရောဂါ ကျန်းမာရေးပြဿနာများကို ဖော်ထုတ်သိရှိနိုင်စေရန်၊ အရပ်တိုင်းတာနည်းများ၊ ကိုယ်လေးအချိန်နည်းများ၊ ကျောင်းကျန်းမာရေးဆိုင်ရာလုပ်ငန်းရပ်များများကို Power Point ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သင်တန်းနည်းပြ ၄ ဦးတို့က ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကဒ် အသုံးပြုခြင်းလုပ်ငန်းများနှင့် ကျောင်းကျန်းမာရေး လုပ်ငန်းတို့ကို သဲကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာ (အထက်တန်း၊ အလယ်တန်း၊ မူလတန်း) ကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမ (၄၉၀) ဦးတို့အား မတ်လ ၂၁ ရက်မှ ၂၂ ရက်အထိ သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကျော်(ပြန်/ဆက်)