ပွင့်ဖြူ မတ် ၂၁
မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်တွင် သံကိုင်းကျေးရွာအုပ်စု၊ သံကိုင်းကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့် ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ယမန်နေ့က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက ကျေးရွာလမ်းဖြစ်မြောက်ရေးကော်မတီဝင်များနှင့်အတူ သံကိုင်းကျေးရွာ၌ ကျေးရွာတွင်းကျောက်ရောမြေလမ်းခင်းခြင်းလုပ်ငန်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး ဆောင်ရွက်နေသည့် ကျေးရွာတွင်းလမ်းအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့သည်။
ပွင့်ဖြူမြို့နယ် သံကိုင်းကျေးရွာ၌ ကျေးရွာနေပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် ကျေးရွာတွင်း လမ်းအရှည် ၁၈၀၀ ပေအား လမ်းအကျယ် ၁၂ ပေ လမ်းအမြင့်ထု ၉ လက်မ ကျောက်ရောမြေလမ်းခင်းခြင်းလုပ်ငန်းကို မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေမှ အတိုးရငွေကျပ် (၅ ဒသမ ၇၅)သန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးမှုဖြင့် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် ဦးဆောင်၍ ၂၀၂၄ ခုနှစ် မတ်လ(၈)ရက်နေ့က လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ ယခုလက်ရှိတွင် (၉၀)ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်းနှင့် ယင်းကျေးရွာတွင်း ကျောက်ရောမြေလမ်းခင်းခြင်းလုပ်ငန်းကို ယခုလ(၂၂)ရက်နေ့တွင် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် သံကိုင်းကျေးရွာတွင် အိမ်ခြေ (၁၆၂)၊ အိမ်ထောင်(၂၀၆)စုနှင့် လူဦးရေ (၈၁၉)ဦးရှိပြီး၊ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် တစ်ပိုင်တစ်နိုင် ဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်ရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှစတင်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ရာ ယခုနှစ်တွင် နဝမမြောက်စက်ဝန်းရှိပြီဖြစ်ကာ စီမံကိန်းရန်ပုံငွေမှ အတိုးရငွေကျပ်(၁၅ ဒသမ ၇၂၇၂၀၇၅)သန်း ရရှိနေပြီဖြစ်ကြောင်းနှင့် ယခုနှစ်တွင် အဆိုပါ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် ကျေးရွာတွင်းကျောက်ရောမြေလမ်းခင်းခြင်းလုပ်ငန်းအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မကြာမီအချိန်တွင် လုပ်ငန်းပြီးစီးတော့မည်ဖြစ်၍ ကျေးရွာနေပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးအတွက် များစွာအကျိုးပြုပေးနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)