တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဥပဒေချုပ် ဥပဒေရေးရာအင်္ဂလိပ်စာနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေသင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ထားဝယ်   မတ် ၂၁

ဥပဒေရေးရာအင်္ဂလိပ်စာနှင့် အပြည်ပြည်ဆိုင်ရာဥပဒေသင်တန်း အမှတ်စဉ် (၁/၂၀၂၄)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး ဥပဒေချုပ်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဥပဒေချုပ် ဦးအုန်းသန်းက သင်တန်းသားများအနေဖြင့် အခြားပြည်နယ်နှင့် တိုင်းတို့တွင်သင်တန်းဖွင့်လှစ်ခြင်းမရှိသော ယခုသင်တန်းကို တက်ရောက်ခွင့်ရရှိသည်မှာ ဂုဏ်ယူစရာဖြစ်ကြောင်း၊ သင်တန်းတွင် ဥပဒေရေးရာအင်္ဂလိပ်စာနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေ International Law ကို ပညာရှင်တစ်ဦးဖြစ်သည့် ဥပဒေအရာရှိက ၎င်း၏အတွေ့အကြုံနှင့် ပေါင်းစပ်ပြီး သင်ကြားပို့ချမှာဖြစ်ကြောင်း၊ သင်တန်းတွင် ပို့ချချက်များသည် အခြေခံသာဖြစ်သောကြောင့် မိမိတို့အနေဖြင့် ဆက်လက်လေ့လာ သင်ယူသွားကြရန်လိုအပ်ကြောင်း၊ သင်တန်းမှရရှိသော အတွေ့အကြုံဗဟုသုတများကို မိမိတို့လုပ်ငန်းခွင်တွင် တန်ဖိုးရှိစွာ အသုံးချတတ်ကြရန် လိုအပ်ကြောင်း၊ သင်တန်းက ပို့ချပေးသည့် သင်ခန်းစာများကို ဂရုတစိုက်မှတ်သားလိုက်နာ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

သင်တန်းတွင်တိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ ထားဝယ်ခရိုင်ဥပဒေရုံးနှင့် ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်ဥပဒေရုံးများမှ ဥပဒေအရာရှိများ လုပ်ငန်းစွမ်းဆောင်မှုအရည်အသွေးပိုမိုတိုးတက်စေရန်နှင့် ဥပဒေရေးရာအင်္ဂလိပ်စာ တတ်ကျွမ်းနားလည်ပြီးနိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်စေရန် ရည်ရွယ်၍ မတ်လ ၂၂ ရက်နေ့အထိဥပဒေအရာရှိ သင်တန်းသား/သင်တန်းသူများသင်ကြားပို့ချပေး သွားမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)