မြိတ် မတ် ၂၁
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုသည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မတ်(၁၉)ရက် နေ့လယ်ပိုင်းက မြိတ်ကော်ပိုရေးရှင်းအများနှင့် သက်ဆိုင်သည့်ကုမ္ပဏီလီမိတက်ခန်းမတွင် ကျင်းပသည့် မြိတ်မြို့တွင် အကောင် အထည်ဖော် ဆောင်ရွက်မည့် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးနှင့်စက်မှုဇုန်စီမံကိန်း၊ Biomass လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးစီမံကိန်းတို့အတွက် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရေးဆိုင်ရာ လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ဝန်ကြီးချုပ်ဦးမြတ်ကိုက မြိတ်ဒေသသည် ရေထွက်သယံဇာတပေါများသော်လည်း ဖမ်းဆီးရမိသည့် ငါးပုစွန်များကို ထိုင်းနိုင်ငံရနောင်းမြို့၊ ဈေးကွက်တစ်ခုတည်းသို့ နှစ်ပေါင်းများစွာ တင်ပို့ရောင်းချနေရပြီး ဈေးနှိမ်ခံရခြင်းများကို ဒေသခံလုပ်ငန်းရှင်းများ ကြုံနေကြရကြောင်း၊ ဒီလိုရေရှည်ဆက်မဖြစ်အောင် ဒေသအတွင်းမှာ နိုင်ငံတကာအဆင့်မီ ငါးလေလံ ဈေးတစ်ခု ပေါ်ပေါက်လာဖို့ လိုအပ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးမှာ အခြားအရေးကြီးတဲ့ ကဏ္ဍတစ်ခုကတော့ လျှပ်စစ်မီးဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးရေးအတွက် တွန်းအားပေးဆောင်ရွက်နေသော်လည်း လျှပ်စစ်ဓါတ်အားလုံလောက်မှု လိုအပ်ချက်ရှိနေဆဲဖြစ်ကြောင်း၊ ယခုဆောင်ရွက်မည့် Biomass လောင်စာသုံးစီမံကိန်းဖြစ်တာကြောင့် ပတ်ဝန်းကျင် ထိခိုက်မှုနည်းသည့်အပြင် Carbon Credit လည်းရမှာဖြစ်တာကြောင့် အဘက်ဘက်မှအကျိုးရှိကြောင်း၊ ကုမ္ပဏီများ ပူးပေါင်းဆောင်ရွက်ကြသည့် စီမံကိန်းနှစ်ရပ်အတွက် မြိတ်မြို့ အပါ အဝင် တနင်္သာရီတိုင်းအတွင်း ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အပံ့ပေးနိုင်မည် ဖြစ်သလို ဒေသခံများအလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မည်ဖြစ်လို့ ကြိုဆိုကြောင်း ပြောကြားသည်။
ထို့နောက် မြိတ်ကော်ပိုရေးရှင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဦးလှသန်းနှင့် Bright Blue Industrial Park International Corporation Co.,Ltd & Bright Blue Power International Corporation Co.,Ltd တို့၏ Authorize Director Mr.Kanapod Nitsiriphat တို့က ကျေးဇူးတင်စကားပြောကြားခဲ့ကြသည်။ ဆက်လက်၍ အကောင်အထည်ဖော်ဆောင်ရွက်ကြမည့် စီမံကိန်း(၂)ခု၏ Video Clip ပြသခဲ့ရာ ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ မြိတ်မြို့တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးနှင့် စက်မှုဇုန်စီမံကိန်း၊ Biomass လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးစီမံကိန်း ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရေးဆိုင်ရာတို့အတွက် မြိတ်ကော်ပိုရေးရှင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်နှင့် Bright Blue Industrial Park International Corporation Co.,Ltd & Bright Blue Power International Corporation Co.,Ltd တို့မှ တာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းများ ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်ရေးဆိုင်ရာများကို လက်မှတ်ရေးထိုးခဲ့ကြသည်။
မြိတ်မြို့တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးနှင့် စက်မှုဇုန်စီမံကိန်းကို စန္ဒဝတ်ကျေးရွာတွင် ဆောင်ရွက်သွားမည်ဖြစ်ကာ Biomass လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးစီမံကိန်းကို မြိတ်မြို့တွင်ဆောင်ရွက်သွားဖြစ်ပြီး မြိတ်မြို့၏ လျှပ်စစ်ဓါတ်အား လိုအပ်ချက်ကို အထောက်အပံ့ပြုနိုင်သည့်အပြင် ပြည်သူလူထူကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ကာ စီမံကိန်းလုပ်ငန်းဖြင့် စက်ရုံ(၃)ရုံမှ (၁၀၀)မဂ္ဂါဝပ်အထိ လျှပ်စစ်ဓါတ်အား ထုတ်လုပ်သွားရန် စီမံထားရှိကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)