လေးမျက်နှာ နိုဝင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ (၈)ရက်နေ့ တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံများတွင် အသုံးပြုရန် ဆန္ဒပြုမဲလက်မှတ်များကို ယမန်နေ့ နံနက်ပိုင်း မှစ၍ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ခွဲရုံးတွင် စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆန္ဒပြုမဲလက်မှတ်များ ထုတ်ပေးရာတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်ကြင်ဌေးက ကြီးကြပ်ပြီး မြို့နယ်ကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့အား ဆန္ဒပြုမဲလက်မှတ်များကို ထုတ်ပေးခဲ့ကြသည်။
လေးမျက်နှာမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု(၄၈)အုပ်စုမှ အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးခွင့်ရှိသူ ဒုတိယ အကြိမ်မဲဆန္ဒရှင် စာရင်းများအရ (၈၃၂၇၇)ဦးရှိပြီး မဲရုံပေါင်း(၁၈၈) ရုံ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)