ပြည်မြို့၌ အခြေခံပညာမူလတန်းအဆင့်သင် (လုပ်ငန်းခွင်ဝင်စ) ဆရာ၊ ဆရာမများ ခရိုင်အဆင့် စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်

ပြည် မတ် ၂၁

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်တွင် အခြေခံပညာမူလတန်းအဆင့်သင် (လုပ်ငန်းခွင်ဝင်စ) ဆရာ၊ ဆရာမများ ခရိုင်အဆင့်စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြည်မြို့ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း ပညာတံခွန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်ခရိုင်ပညာရေးမှူး ဒေါ်စန်းစန်းဝင်းက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းသို့ ပြည်ခရိုင်အတွင်း အခြေခံပညာကျောင်းများမှ မူလတန်းအဆင့်သင် ဆရာ၊ ဆရာမ စုစုပေါင်း (၇၀၅) ဦးတက်ရောက်ပြီး သင်တန်းတွင် သင်တန်းနည်းပြ (၄၇) ဦးက အခြေခံပညာ မူလတန်းအဆင့်သင် ဆရာများ၏ စဉ်ဆက်မပြတ် လုပ်ငန်းစွမ်းဆောင်ရည်နှင့် လုပ်ငန်းပိုင်းဆိုင်ရာ လက်ေတွ့ဆောင်ရွက်မှုများ အရည်အသွေးမြှင့်တင်ခြင်းကို စာတွေ့ /လက်တွေ့သင်ကြားပို့ချပေးမည်ဖြစ်ကာ သင်တန်းကာလမှာ မတ် (၂၀) ရက်မှ (၂၃) ရက်အထိ ဖြစ်ကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

ခရိုင် (ပြန်/ဆက်)