သံတောင်ကြီး မတ် ၂၀
ကရင်ပြည်နယ်၊ သံတောင်ကြီးခရိုင် ပညာရေးမှူးရုံးမှဦးစီး၍ အခြေခံပညာအထက်တန်း/အလယ်တန်း ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီအချိန်က သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း မိုးလုံလေလုံအားကစားရုံတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပညာရေးမှူးဦးတင့်ဝေက ယခုကဲ့သို့ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲများ ပြုလုပ်ပေးခြင်းဖြင့် ဆရာ/ဆရာမများစွမ်းရည်မြှင့်မားပြီး ကျောင်းသား/သူများကို ဗလငါးတန်နှင့်ပြည့်ဝသော ထူးချွန်ထက်မြက်သော လူတော်လူကောင်းများကို မွေးထုတ်ပေးနိုင်ရန်၊ နည်းပြများ၏သင်ကြားပို့ချမှုကို စနစ်တကျမှတ်သား၍ အချင်းချင်းတစ်ဦးနှင့်တစ်ဦး ဘာသာရပ်အလိုက် သင်ကြားမှုများအား လက်တွေ့ဆောင်ရွက်ကြရန်စသည်တို့အား ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ အခြေခံပညာအထက်တန်း/အလယ်တန်းဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ၂၀၂၄ခုနှစ် မတ်လ၁၉ရက်နေ့မှ မတ်လ၂၃ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သံတောင်ကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်းနှင့် အလယ်တန်းကျောင်းများရှိ အထက်တန်းပြဆရာဆရာမနည်းပြ (၉) ဦးနှင့် ဆရာ/ဆရာမ (၆၀) ဦး၊ ရုံးအဖွဲ့ (၂) ဦး၊ စုစုပေါင်း (၇၁) ဦးနှင့် အလယ်တန်းပြဆရာ/ဆရာမ နည်းပြ (၁၂) ဦး၊ ဆရာ/ဆရာမ (၁၀၉) ဦး ရုံးအဖွဲ့ (၂) ဦး စုစုပေါင်း (၁၂၃) ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
နော်နော်မူ