ရေဦး မတ် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ကျင်းပသော အခြေခံပညာမူလတန်းအဆင့် ကျောင်းသင်ခန်းစာပါ ပုံများ လွယ်ကူစွာ ဆွဲတတ်စေပြီး နွေရာသီကျောင်းပိတ်ရက်ကာလ ကလေးငယ်များ၏ စိတ်ပိုင်းဆိုင်ရာ နူးညံ့သိမ်မွေ့လာစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပန်းချီဆွဲနည်းသင်တန်းကို အခမဲ့ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေဝင်းက သင်တန်းဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး ဝါသနာရှင်အဆင့် ပန်းချီဆရာ သန်းသန်းက အခြေခံပန်းချီရေးဆွဲရာတွင် သိရှိထားသင့်သည့် မျဉ်းကွေး၊ မျဉ်းကောက်၊ မျဉ်းဖြောင့်၊ မျဉ်းအထူ၊ မျဉ်းအပါးများအကြောင်းနှင့် ဆေးရောင်ခြယ်ရာတွင် သတိပြုလိုက်နာရမည့် အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ သင်တန်းသို့ အခြေခံပညာမူလတန်းအဆင့် ကျောင်းသား/သူ(၂၅)ဦး တက်ရောက်သင်ကြားခဲ့ကြပြီး သင်တန်းကာလမှာ (၁၀)ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)