ဇလွန် နိုဝင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် အသုံးပြုမည့် ဆန္ဒမဲလက်မှတ်များ နှင့် ကျန်းမာရေးသုံးပစ္စည်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့မှ တာဝန်ရှိသူများက ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ ယနေ့ နံနက် ၈ နာရီအချိန်မှ စတင်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထုတ်ပေး လျက်ရှိကြောင်းသိရသည်။
ထိုသို့ ထုတ်ပေးရာတွင် ဆန္ဒမဲလက်မှတ်များ၊ မဲရုံအသီးသီးတွင်တာဝန်ထမ်းဆောင်ကြမည့်သူများအတွက် PPE ဝတ်စုံများ၊ Face Shield များ၊ လက်အိတ်များ၊ လက်သန့်ဆေးရေများ၊ နှာခေါင်းစည်း (Mask) များနှင့် မဲဆန္ဒရှင်ပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများအစရှိသည့် ကျန်းမာရေးသုံး ပစ္စည်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးမြင့်သိန်းနှင့် တာဝန်ရှိသူများက ထုတ်ပေးလျက်ရှိရာ ရပ်/ကျေး (၇၁) အုပ်စုမှ လာရောက်ထုတ်ယူခဲ့ကြသည်။
ဇလွန်မြိုနယ်အတွင်း၌ ရပ်ကွက်/ကျေးရွာ (၇၁) အုပ်စုတွင် မဲရုံပေါင်း ၁၆၆ ရုံရှိပြီး မဲဆန္ဒရှင်ဦးရေမှာ ၁၃၃၅၇၆ ဦးခန့်ရှိကြောင်း မြိုနယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ဝေယံ(ပြန်/ဆက်)