ကော့သောင်း မတ် ၂၀
တိုင်းဒေသကြီးကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းကော်မတီတို့ ပူးပေါင်း၍ ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးသင်တန်းကို ယနေ့ နံနက်ပိုင်းက ကော့သောင်းမြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း၊ (၁)မိုင် ကြေးနန်းဝင်းခန်းမတွင် ဖွင့်လှစ်ရာ ဖွင့်ပွဲအခမ်းအနားသို့ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလုပ်ရှင်နှင့်မန်နေဂျာများ၊ အလုပ်သမားများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် ကော့သောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်က အဖွင့်အမှာစကား ပြောကြားပြီး ကော့သောင်းမြို့နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးညီမောင်ရွှေက တနင်္သာရီတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်း ကော်မတီ၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
ယင်းနောက် ကော့သောင်းမြို့နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာန၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူများက ကလေးသူငယ်များ၏ ဥပဒေပါအခွင့်အရေးများ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများအား ပို့ချရှင်းလင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါသင်တန်းကို ကလေးအလုပ်သမားများ၏ ဥပဒေပါ အခွင့် အရေးများအသိပညာပေးရန်၊ အသက်မွေးသင်တန်းများ တက်ရောက်ခြင်းဖြင့် မိသားစုများအတွက် ပိုမိုကောင်းမွန်သော အသက်မွေးဝမ်းကျောင်း အလုပ်အကိုင် အခွင့်အလမ်းများ ရရှိမည်ကို သိရှိနိုင်ရန်၊ ရေရှည်တည်မြဲစေမည့် အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန်၊ ကလေးအလုပ်သမား လျော့နည်းပပျောက်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး အသိပညာပေးသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)