ဖျာပုံ မတ် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ဖျာပုံစာဖြေဌာန အစိုးရဓမ္မာစရိယ၊ နိကာယ်နှင့် ပါဠိပထမပြန်စာမေးပွဲများ ပြီးမြောက်အောင်မြင်သည့် အရှင်မြတ်တို့အား (၇၅)ကြိမ်မြောက် ဘွဲ့လက်မှတ်၊ အောင်လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နေ့လယ်(၁၂)နာရီအချိန်က ဖျာပုံမြို့ ဓမ္မဝိနယပထမပြန် တိုက်သစ်ကျောင်းတွင် ကျင်းပသည်။
အဆိုပါ အစိုးရဓမ္မာစရိယနှင့် နိကာယ်၊ပါဠိပထမပြန် စာအောင်ဆုနှင်းသဘင်အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး သလိပ်ကြီး ကျေးရွာ မင်္ဂလာသုခ ကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယက၊ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ဘဒ္ဒန္တဝါသဝ မထေရ်မြတ်ထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြသည်။ ထို့နောက် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး အကြည်အညိုခံ ပင့်သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ဖျာပုံစာဖြေဌာနမှ အစိုးရသာသနဓဇဓမ္မာစရိယဘွဲ့ရ (၃၁)ပါး၊ ဝိနယဝိဒူဘွဲ့ရ (၅)ပါး၊ ဒီဃနိကာယဝိဒူဘွဲ့ရ (၅)ပါး၊ အဘိဓမ္မာဝိဒူ(၄)ပါး၊ ပထမကြီး၊ ပထမလတ်၊ ပထမငယ်အောင် (၂၆)ပါး၊ အခြေပြု မူလတန်းအောင် (၃၅)ပါး၊ လေးမြို့နယ်ရှင်သာမဏေဂုဏ်ထူးအောင် (၈)ပါး၊ အဘိဓမ္မာအောင် (၁၃)ပါး၊ မင်္ဂလာစာမေးပွဲအောင် (၂၃)ဦးတို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်း နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များက ဘွဲတံဆိပ်၊ အောင်လက်မှတ်၊ စာအောင်ဆုများနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ တိုက်သစ်ကျောင်းတိုက်ကြီး၏ ဦးစီပဓာနနာယက၊ နိုင်ငံတော်သြဝါဒစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တသူရိယ မထေရ်မြတ်ထံမှ အနုမောဒနာတရား နာကြားကြပြီး လှူဒါန်းမှုကောင်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)