ပွင့်ဖြူ မတ် ၂၀
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ မတ်လ ၅ ရက်နေ့မှစပြီး မြို့နယ်ပြည်သူ့အားကစားကွင်း၌ နွေရာသီအခြေခံအားကစားသင်တန်းများ အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် အားကစားမှူး ဦးရန်လင်းအောင်ထံမှ သိရသည်။
အဆိုပါ နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးရာတွင် ဘောလုံးအားကစားနည်း၊ ပိုက်ကျော်ခြင်းအားကစားနည်း၊ စစ်တုရင်အားကစားနည်း၊ စားပွဲတင်တင်းနစ်အားကစားနည်းနှင့် မြန်မာ့သိုင်းပညာ အားကစားနည်း စသည့် အားကစားနည်း(၅)ခုကို အခမဲ့ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပြီး ယင်းသင်တန်းများသို့ မြို့နယ်အတွင်းရှိ အားကစားဝါသနာရှင် ကျောင်းသား ကျောင်းသူများနှင့် လူငယ်မောင်မယ် သင်တန်းသား၊ သင်တန်းသူ (၈၄)ဦး တက်ရောက်သင်ကြားလျက်ရှိပြီး မတ်လ ၅ ရက်နေ့မှ ၂၅ ရက်နေ့အထိ (၄)ပတ်ကြာ ဖွင့်လှစ်ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
"ဒီနှစ် နွေရာသီကျောင်းပိတ်ရက်မှာ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဒေသတွင်းရှိ အားကစားဝါသနာရှင် လူငယ်မောင်မယ်တွေကို ကိုယ်ကာယကျန်းမာကြံ့ခိုင်စေဖို့၊ အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချပြီး အားကစားလေ့ကျင့်ခြင်းဖြင့် ထူးချွန်ထက်မြက်တဲ့ အားကစားသမားများ ပေါ်ထွန်းလာစေဖို့နဲ့ ဗလငါးတန်ဖွံ့ဖြိုးစေဖို့စတဲ့ ရည်ရွယ်ချက်များနဲ့ နွေရာသီအခြေခံအားကစားသင်တန်းများကို အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါတယ်။ သင်ကြားပေးတဲ့ အားကစားနည်းတွေကတော့ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ စစ်တုရင်၊ စားပွဲတင်တင်းနစ်၊ မြန်မာ့သိုင်းပညာစတဲ့ အားကစားနည်းသင်တန်း(၅)ခုကို သင်ကြားပို့ချပေးနေတာဖြစ်ပါတယ်။ သင်တန်းကာလက မတ်လ ၅ ရက်နေ့ကစပြီး ၂၅ ရက်နေ့အထိ (၄)ပတ်ကြာ သင်ကြားပေးမှာဖြစ်ပြီး တက်ရောက်သင်ကြားနေတဲ့ သင်တန်းသား၊ သင်တန်းသူစုစုပေါင်း(၈၄)ဦးရှိပါတယ်"ဟု ပွင့်ဖြူမြို့နယ် အားကစားမှူး ဦးရန်လင်းအောင် က ပြောသည်။
ပွင့်ဖြူမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် နှစ်စဉ် နွေရာသီကျောင်းပိတ်ရက်ကာလများတွင် ဒေသတွင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် အားကစားဝါသနာရှင် လူငယ်မောင်မယ်များကို ဖိတ်ခေါ်ပြီး ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ မွေးထုတ်ပေးနိုင်ရန်အတွက် ရည်ရွယ်၍ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ စစ်တုရင်၊ စားပွဲတင်တင်းနစ်၊ မြန်မာ့သိုင်းပညာ စသည့် ကိုယ်လက်လှုပ်ရှားအားကစားသင်တန်းများကို အခမဲ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)