ကြံခင်းမြို့နယ် ပက်မခမ်းကျေးရွာအုပ်စုတွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောခြင်းများဆောင်ရွက်

ကြံခင်း မတ် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန်က ပက်မခမ်းကျေးရွာအုပ်စုရှိ ဘက်စုံသုံးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါဟောပြာပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က ပြည်သူများ သိရှိ နားလည်နိုင်စေရန်အတွက် ပြည်သူ့စစ်မှုထမ်းဆိုင်ရာ ကိစ္စရပ်များဖြစ်သည့် ပြည်သူ့စစ်မှုထမ်း ဥပဒေ၏ ရည်ရွယ်ချက်များ၊ စစ်မှုထမ်းရမည့်အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ အမျိုးသားရေးတာဝန်၊ စိုးရိမ်ရန်မလို‌ကြောင်း၊ ဘာကြောင့်ပြည်သူ့စစ်မှုထမ်း စနစ်ကျင့်သုံးရ တာလဲ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ကင်းလွတ်ခွင့်များနှင့် ယာယီရွှေ့ဆိုင်းနိုင်သူများ အစရှိသည်များအားလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး(၁) ဗိုလ်မှူး သန်းထွဋ်က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ online မှာ သတင်းမှားများ ပျံ့နှံ့နေ ကြောင်း၊ ဥပဒေအရစစ်မှုထမ်းရန် သတ်မှတ်ကာလ၊ အကျုံးဝင်သူများ၊ ကင်းလွတ်ခွင့်ရရှိသူများ ကိုလည်း ဥပဒေထဲတွင် ပြဋ္ဌာန်းထားပါကြောင်း၊ အကျုံးဝင်သူတွေကို မှတ်ပုံတင်ထားမည်ဖြစ် ကြောင်း၊ ချက်ချင်းလက်ငင်း အကျုံးဝင်သူအားလုံး ခေါ်ယူမည်မဟုတ်ပါကြောင်း၊ online ပေါ်မှာ လှုံ့ဆော်နေသကဲ့သို့ စိုးရိမ်မှုမရှိကြရန်နှင့်  ပြည်သူ့စစ်မှုထမ်းစနစ် ကျင့်သုံးရခြင်းနှင့် ပတ်သက်၍ အသိပညာပေးရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော ဒေသနေပြည်သူများက သိရှိလိုသော အချက်များအား မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးဟောပြောခဲ့ကြသည်။

ထို့နောက် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ သိကောင်းစရာ လက်ကမ်းစာစောင်များအား ပြည်သူများ လက်ဝယ်သို့ ဖြန့်ဝေပေးခဲ့ကြပြီး အဆိုပါ ဟောပြောပွဲသို့ ကျေးရွာနေ ပြည်သူ (၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။ အလားတူ ကြံခင်းမြို့နယ်အတွင်းရှိ ကြံတောကျေးရွာအုပ်စု၊ အုတ်တွင်းကျေးရွာအုပ်စု၊ ပိန္နဲကွင်း ကျေးရွာအုပ်စု၊ ကွင်းကြီးကျေးရွာအုပ်စုနှင့် ရေနံတောင်ကျေးရွာအုပ်စုများရှိ ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံများနှင့် ဘက်စုံသုံးခန်းမတို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ဆက်လက်အသိပညာပေး ဟောပြောခြင်းနှင့်  လက်ကမ်း စာစောင်များဖြန့်ဝေပေးကာ ကျေးရွာအတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ ဦးဆောင်ပြီး ကျေးရွာခွဲများအား ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)