ရေတာရှည် မတ် ၂၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ပြည်သူများ အေးချမ်းပျော်ရွှင်စွာဆင်နွှဲနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ စီစဥ်ကျင်းပနိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပသည်။
အစည်းအဝေး၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းက ရေတာရှည်မြို့နယ်တွင် နှစ်စဥ်ကျင်းပမြဲဖြစ်သည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို အစဥ်အလာမပျက်ပြုလုပ်ကာ ယခင်နှစ်များနည်းတူ ဗဟိုမဏ္ဍပ်ဖွင့်လှစ်၍ ဖျော်ဖြေရေးအစီအစဥ်များ၊ ယိမ်းအကပြိုင်ပွဲများ၊ ရေကစားမဏ္ဍပ်များနှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ကော်မတီအလိုက်ဖွဲ့စည်းကာ မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ စီစဥ်ကျင်းပမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ ဗဟိုမဏ္ဍပ်တည်ဆောက်နိုင်ရေးအစီအစဥ်များ၊ ရေကစားမဏ္ဍပ်သို့ လာရောက်ဆင်နွှဲကြမည့်သူများအား သင်္ကြန်ကာလအတွင်း စတုဒီသာအလှူ ပြုလုပ်မည့်အစီအစဥ်များ၊ ရေသွယ်တန်းထားရှိမှု အခြေအနေများ၊ ဖျော်ဖြေရေးအစီအစဥ်များ ပါဝင်ဆောင်ရွက်မည့်အခြေအနေများအား တင်ပြဆွေးနွေးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရေတာရှည် (ပြန်/ဆက်)