လွိုင်ကော် မတ် ၂၀
ကယားပြည်နယ်၊ လွိုင်ကော်မြို့၏ ၂၀၂၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံးခန်းမ၌ကျင်းပပြုလုပ်ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဒေသကွပ်ကဲရေးစစ်ဌာနချုပ်(လွိုင်ကော်)၊ ဒေသကွပ်ကဲရေးမှူးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်အား ရိုးရာအစဉ်အလာမပျက် ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင်လည်း ပရိတ်တရားနာယူခြင်းနှင့် သက်ကြီးပူဇော်ပွဲအား ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးနှင့် အခမ်းအနားကျင်းပရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် သက်ဆိုင်ရာကော်မတီများ ဖွဲ့စည်းတာဝန်ပေးထားပြီးဖြစ်ပါကြောင်း၊ မဟာသင်္ကြန်ပွဲတော်နှင့် အခမ်းအနားကျင်းပရာတွင် ကော်မတီအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်အချက်များ၊ ပြည်နယ်အစိုးရအဖွဲ့မှ ဖြည့်ဆည်းပေါင်းစပ်ပေးရန်လိုအပ်ချက်များအား တင်ပြဆွေးနွေးပေးရန် ပြောကြားသည်။
ယင်းနောက် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးအောင်မျိုးသိန်းက မဟာသင်္ကြန်ပွဲတော်နှင့် အခမ်းအနားများအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသည့် ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ မိမိတို့ကော်မတီများအလိုက် တာဝန်ယူဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြခြင်း၊ အကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက်ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုအပေါ် လိုအပ်ချက်များအား ဖြည့်စွက်မှာကြား၍ ကျင်းပရေးကော်မတီ၊ ဆပ်ကော်မတီအသီးသီးတို့မှ မိမိတို့တာဝန်ယူရသည့် ကဏ္ဍအလိုက် လုပ်ငန်းများအား အောင်မြင်စွာဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
ပြည်နယ်(ပြန်/ဆက်)