၁၃၈၅ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

ပုသိမ် မတ် ၂၀

၁၃၈၅ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ခဲ့ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ၁၃၈၅ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော် ကျင်းပရေးနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မဟာသင်္ကြန်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီများနှင့် လုပ်ငန်း ကော်မတီများမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ၁၃၈၅ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး မဟာသင်္ကြန်ပွဲတော် ကျင်းပရေးနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ဧရာဝတီတိုင်းဒေသကြီးမြန်မာ့ ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ ပါကြောင်း၊ ပြီးခဲ့သည့်နှစ်တွင် လမ်းလျှောက်သင်္ကြန်အား စည်ကားသိုက်မြိုက်စွာ ထည့်သွင်း ကျင်းပနိုင်ခဲ့ပါကြောင်းနှင့် လမ်းလျှောက်သင်္ကြန်တွင် ပုသိမ်မြို့၏အမှတ်သင်္ကေတဖြစ်သည့် ပုသိမ်ထီးများဖြင့် အလှဆင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ဗဟိုမဏ္ဍပ်၊ ဌာနဆိုင်ရာမဏ္ဍပ်များ၊ ရပ်ကွက်အလိုက်မဏ္ဍပ်များနှင့် စတုဒိသာမဏ္ဍပ်များအား လှပတင့်တယ်သော ဒီဇိုင်းများဖြင့် စနစ်တကျနေရာချထား ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားနိုင်ရေးအတွက် ရေကောင်းရေသန့်များရရှိအောင် စီစဉ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း မှတ်တမ်းတင်ရိုက်ကူးရေး၊ သတင်းထုတ်ပြန် ရေးကိစ္စများကိုလည်း ကြိုတင်ပြင်ဆင်၍ အချိန်မီဆောင်ရမည်ဖြစ်ပါကြောင်း၊ ပြည်သူများ အန္တရာယ်ကင်းစွာ ရေကစားနိုင်ရေး ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးကိစ္စရပ်များကို လည်း အထူးအလေးထား ဆောင်ရွက်ရန်လိုပါကြောင်း၊ ယိမ်းအဖွဲ့များ၊ ဖျော်ဖြေရေးအဖွဲ့များ အား ပြင်ဆင်မှုကောင်းကောင်းဖြင့် ပါဝင်ယှဉ်ပြိုင်ဖျော်ဖြေနိုင်ရေး အစီအမံများ ချမှတ် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပွဲတော်ကာလအတွင်း ရေကစားသူများ မူးယစ်ရမ်းကားမှု များမရှိစေရေး၊ ယဉ်ကျေးမှုနှင့် မကိုက်ညီသော ဝတ်စားဆင်ယင်မှုများမရှိစေရေးနှင့် အန္တရာယ်ကင်းရှင်းစေရေးအတွက် လုံခြုံရေးအစီအစဉ်များနှင့် စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းများအား စနစ်တကျ စီစဉ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နှစ်ဆန်းတစ်ရက်နေ့တွင် အန္တရာယ်ကင်းပရိတ်တရားတော်များနာယူခြင်း၊ ဘေးမဲ့ငါးလွှတ်ခြင်း၊ သက်ကြီးဘိုးဘွား ပူဇော်ခြင်းများကိုလည်း ရိုးရာယဉ်ကျေးမှုနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မဟာ င်္ကြန်ပွဲတော်အား ယခင်နှစ်ထက် ပိုမိုစည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရန်၊  အားလုံး ပူးပေါင်းပါဝင်ပြီး ပျော်ရွှင်စွာဆင်နွှဲသည့် သင်္ကြန်ဖြစ်စေရန်နှင့် မှတ်တမ်းတင်ကျန်ရှိစေရေး အတွက် ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း” အဖွင့်အမှာ စကားများ ပြောကြားသည်။

ထို့နောက် မဟာသင်္ကြန်ပွဲတော် ကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူးက ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများ ဖွဲ့စည်းထားရှိမှုများနှင့် ယခင်နှစ်တွင် ကျင်းပခဲ့သည့် မဟာသင်္ကြန် ပွဲတော်ဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ဗဟိုမဏ္ဍပ် တည်ဆောက်ရေးလုပ်ငန်းကော်မတီ၊ လမ်းလျှောက်သင်္ကြန် ကျင်းပရေးလုပ်ငန်းကော်မတီ၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းကော်မတီ၊ ကျန်းမာရေးလုပ်ငန်း ကော်မတီ၊ ဗဟိုမဏ္ဍပ်နေ့စဉ်ကျွေးမွေးရေးလုပ်ငန်းကော်မတီ၊ ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီ၊ ယိမ်းပြိုင်ပွဲနှင့် ဖျော်ဖြေရေး လုပ်ငန်းကော်မတီ၊ ပရိတ်တရားနာနှင့် ဘေးမဲ့ငါးလွှတ်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ၊ သက်ကြီးပူဇော်ပွဲ ကျင်းပရေးလုပ်ငန်း ကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် စိစစ်သုံးစွဲရေးလုပ်ငန်းကော်မတီ၊ စာရင်းစစ်ဆေးရေး ကော်မတီ၊ သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်းတင်ရေးလုပ်ငန်းကော်မတီ၊ ပို့ဆောင်ရေး လုပ်ငန်းကော်မတီ၊ ဆယ်တင်ပစ္စည်းများစိစစ်၍ ပြန်လည်ရောင်းချရေးကော်မတီများက ကော်မတီအလိုက် ဆောင်ရွက်မည့် အစီအမံများနှင့် အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)