ပေါင်းတည် မတ် ၂၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပရေးညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့ပေါ် ၁၂ ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ပထမဦးစွာ မြို့နယ်စီနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်က အဖွင့်အမှာစကားပြောကြားရာ၌ သင်္ကြန်မဏ္ဍပ်တည်ဆောက်ရေး၊ ရေရရှိရေး၊ လုံခြုံရေး၊ ဌာနဆိုင်ရာများ စုံညီစွာတက်ရောက်ရေး၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်များ၏ သင်္ကြန်ယိမ်းဖြစ်မြောက်ရေး၊ အဖွဲ့လိုက်စတုဒီသာလှူဒါန်းကျွေးမွေးရေးနှင့် ကံစမ်းမဲဖြင့် ကံထူးရှင်ရွေးချယ်ရေးပွဲများကို ပူးပေါင်းဆောင်ရွက်ရေးတို့ကို လမ်းညွှန်မှာကြားသည်။
ယင်းနောက် ဆောင်ရွက်ရမည့် လုပ်ငန်းကိစ္စရပ်များနှင့်ပတ်သက်၍ အခက်အခဲမရှိစေရေး၊ အဆင်ပြေချောမွေ့စေရေးတို့အတွက် တာဝန်ခံများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က အသေးစိတ်လမ်းညွန်မှာကြားကာ ပူးပေါင်းဆောင်ရွက်စေခဲ့ကြောင်း သိရသည်။
သူရကြီး (ပြန်/ဆက်)