အောင်လံမြို့နယ်တွင် နွေစပါးလျာထားဧက (၅၇၀၇) အား အချိန်မီစိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိ

အောင်လံ မတ် ၂၀

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၌ စိုက်ပျိုးရေးဦးစီးဌာနမှ နွေစပါးလျာထားဧက (၅၇၀၇) ဧက အားအချိန်မီ စိုက်ပျိုးပြီးစီးနိုင်ရေးအတွက် ဒေသခံတောင်သူများဖြင့် လယ်မြေထွန်ယက်ပြုပြင်ခြင်းနှင့် တိုက်ရိုက်စေ့ချစနစ်များကို ပူးပေါင်းကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။

မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသအတွင်းသီးနှံစိုက်ပျိုးစွမ်းအားတိုးတက်စေရေးအတွက် ဒေသခံတောင်သူများ၏ လယ်ယာမြေများကို မြေဆီလွှာကောင်းမွန်စေရန် မြေဩဇာထည့်သွင်း၍ ထယ်ရေးညက်အောင် ထွန်ယက်ခြင်း၊ ပေါင်းမြက်နှင့် အမှိုက်များ ရှင်းလင်းခြင်း လုပ်ငန်းများစနစ်တကျ ဆောင်ရွက်စေလျက်ရှိပြီး ယနေ့ချိန်ထိ စိုက်ဧက (၄၀၀၀)ဧက စိုက်ပျိုးပြီးကြောင်းနှင့် ဆာဖိုးသာစပါးမျိုးစေ့များ ထောက်ပံ့ထားကာ ပန်းတိုင်အထွက်နှုန်း ပြည့်မှီကောင်းမွန်စေရန်အတွက်လည်း ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးထံမှ သိရသည်။

မျိုးသိန်း(ပြန်/ဆက်)